မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုကော်မတီသို့ ကင်းမွန်လှေ လုပ်ငန်းရှင်များအသင်းမှ ငါးနီတူခြောက် ပိဿာ  (၁၂၅၀) လှူဒါန်း

မြိတ်   ၉  ဧပြီ  

 

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည့်   မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကူညီမှု(၅)မျိုးကို ထောက်ပံ့ကူညီပေးရာ၌ မြိတ်ခရိုင် ကင်းမွန်လှေ လုပ်ငန်းရှင်များအသင်းမှ ပါဝင်လှူဒါန်းနိုင်ရန်အတွက် ဧပြီလ(၉)ရက် နံနက်(၁၀)နာရီက မြိတ်ဒေသ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကော်မတီသို့ ငါးနီတူခြောက် ပိဿာ  (၁၂၅၀) လှူဒါန်းခဲ့ကြသည်။

 

“ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေဆောင်ရွက်နေချိန်မှာ မြိတ်ခရိုင် ကင်းမွန်လှေ လုပ်ငန်းရှင်များအသင်းမှ တစ်ထောင့်တစ်နေရာမှ ပါဝင်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ ရည်ရွယ်ချက်ဖြင့် ငါးနီတူခြောက် ပိဿာ (၁၂၅၀) လှူဒါန်းခြင်းဖြစ်ပါတယ်”ဟု မြိတ်ခရိုင် ကင်းမွန်လှေ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဌေးလှိုင် က ပြောသည်။

 

ပြည်သူများအတွက် ကင်းမွန်လှေ လုပ်ငန်းရှင်များအသင်းမှ လှူဒါန်းခဲ့သည့် ငါးနီတူခြောက် ပိဿာ  (၁၂၅၀) ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ယူထားသည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား  မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ကော်မတီမှ ခွဲဝေလှူ ဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ ကမ္ဘာ့ကပ်ရောဂါအနေနဲ့  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ စေတနာရှင် အလှူရှင်တွေ အနေနဲ့ ထပ်မံပြီးတော့ အထောက်အကူပြုကော်မတီကို လာရောက်လှူဒါန်းပေးကြပါလို့ တိုက်တွန်းနှိုးဆော် လိုပါတယ်။ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ကော်မတီမှ မြိတ်တစ်မြို့တည်း အထောက်အကူပြုနေတာမဟုတ်ဘဲ မြိတ်ခရိုင်ရှိ(၄)မြို့နယ်လုံးကို လိုအပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းတွေ ဖြန့်ဝေပေးနေခြင်းဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင် က ပြောသည်။

 

ပြည်သူများအတွက် လှူဒါန်းခဲ့သည့် ငါးနီတူခြောက် ပိဿာ  (၁၂၅၀) သည် ကာလတန်ဖိုး(၅၇)သိန်းရှိပြီး တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ခန့်ရှိကာ (၂၅) ပိဿာဆန့် (၅၀) အိတ် လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ မြိတ်ခရိုင် ကင်းမွန်လှေ လုပ်ငန်းရှင်များအသင်းသည် မြိတ်ဒေသအသင်း ဖြစ်သည့်အတွက် မြိတ်ဒေသပြည်သူလူထုအတွက် အမြဲစဉ်းစားလျက်ရှိပြီး အခက်အခဲများဖြစ်လာလျှင် အသင်းအနေဖြင့် ကူညီပေးဖို့ဆန္ဒရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ထပ်မံလိုအပ်လာပါက ဆက်လက်လှူဒါန်းရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ကင်းမွန်လှေလုပ်ငန်း ရှင်များအသင်းမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )