မြိတ်၊ တာချီလိတ်နှင့် မူဆယ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်   ၂၃  မေ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၂ ရက် ညနေ ၅ နာရီတွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာ၊ ပုလဲဒီပါရပ်ကွက်တွင် ကျော်ကိုလတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၉၁ ပြား သိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ ယင်းနေ့ ညနေ ၄နာရီ ၄၅ မိနစ်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ တောင်ဇလပ်လမ်းပေါ်တွင် အားဖာ(ခ)အားခေ မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြားကို လည်းကောင်း။

 

ထို့အတူ မေ ၂၁ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာရှိ စိုင်းနက်၏ ဂိုဒေါင်အားရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဂိုဒေါင်အတွင်းမှ Methylamine အရည် ၁၁၂၀ လီတာ၊ Ethanol အရည် ၁၂၈၀၀ လီတာ၊ Benzyl Cyanide အရည် ၆၈၈၀ လီတာ၊ Sodium Ethoxide ၃၀၀၀ ကီလို၊ Dibenzoyl-L-Tartaric Acid  ၁၁၂၅ ကီလို၊ အမဲရောင်အခဲ ၁၂၅၀ ကီလို၊ အဖြူရောင်အမှုန့် ၁၀၉၀၀ ကီလိုနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 

ရဲပြန်ကြား