မြိတ်၊ မောင်တော၊ မိုင်းဆတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၂၂ ဇွန် 


မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲက မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ မြတ်လေးလမ်းမပေါ်တွင် သန်းထိုက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ  ကိုလည်းကောင်း ဆက်လက်၍ ၎င်း၏နေအိမ်ကို ရှာဖွေရာ အိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀,ဝ၀ဝနှင့် မော်တော်ဆိုင်ကယ်တစ်စီး ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


အလားတူ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာ၊ မောင်တော-ကြိမ်ချောင်းသွားလမ်းမပေါ်တွင် ကျော်လှစိန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို လည်းကောင်း၊  ယင်းနေ့ နံနက် ၉ နာရီတွင် တပ်မတော်မှ  မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုပ် (၁)ကျေးရွာနေ ကျဒယ်၏နေအိမ်ကိုရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၇,၃၁၅,၆၀ဝ၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၁၀ ကီလို၊ ဘိန်းဖြူ ၁ ကီလို၊ အဆင့်နိမ့်ဘိန်း ၄၀ ကီလို၊ Vanillin အဖြူရောင်အမှုန့် ၇၁ ကီလိုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။


အလားတူ မယ်ကြုပ်(၁) ကျေးရွာ၏အရှေ့ဘက်ရှိ တောင်ကျချောင်းဘေးအနီး၌ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်များ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


(ကိုရဲ)