မိသားစုပင်စင် ခံစားခွင့်ရရှိသူ ခင်ပွန်းသည် (၂၆-၃-၂၀၁၄) ရက်နေ့နှင့် နောက်ပိုင်း နောက်အိမ်ထောင်ပြုသူဖြစ်ပါက မိသားစုပင်စင် ဆက်လက်ခံစားခွင့်မရှိ

နေပြည်တော်  ၂၉ ဇူလိုင်


မိသားစုပင်စင် ခံစားခွင့်ရရှိသူ ခင်ပွန်းသည် ၂၆-၃-၂၀၁၄ ရက်နေ့မတိုင်မီ နောက်အိမ်ထောင် ပြုခဲ့သူဖြစ်ပါက မိသားစုပင်စင် ဆက်လက်ခံစားခွင့် ရရှိနိုင်ပြီး ၂၆-၃-၂၀၁၄ ရက်နေ့နှင့် နောက်ပိုင်း နောက်အိမ်ထောင်ပြုသူဖြစ်ပါက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ-၂၄၉၊ နည်းဥပဒေခွဲ(က)အရ မိသားစုပင်စင် ဆက်လက်ခံစားခွင့် မရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။


 “ပင်စင်ကိစ္စနှင့် ပတ်သက်၍ ဝန်ထမ်းတစ်ဦး ကွယ်လွန်ခဲ့ပါက ၎င်း၏ ကျန်ရစ်သူဇနီး သို့မဟုတ် ခင်ပွန်းအား ခွင့်ပြုရာ၌ ညီမျှမှုမရှိသည့်အတွက် ပြင်ဆင်ပေးရန် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း” နှင့် စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။


ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မေးခွန်းနဲ့ ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် “ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၂-၂-၁၉၅၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၇ ဖြင့် ထုတ်ပြန်သော ပင်စင်နည်းဥပဒေသစ် အခန်း-၃၊ အပိုဒ်-၅(၄)(ဂ) တွင် “ကျန်ရစ်သူဇနီး မိသားစု ပင်စင်ခံစားခွင့်ရရှိလျှင် နောက်ထပ်အိမ်ထောင်ပြုပါက ပင်စင်ခံစားခွင့် မရှိစေရ” ဟုသာ ပြဋ္ဌာန်းထားပြီး ကျန်ရစ်သူခင်ပွန်း မိသားစုပင်စင် ခံစားခွင့်ရရှိနေလျှင် နောက်ထပ်အိမ်ထောင်ပြုပါက ပင်စင်ခံစားခွင့်နှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ မပြဋ္ဌာန်းမီအချိန်ထိ အထက်ပါ တည်ဆဲ ပင်စင်နည်းဥပဒေသစ်အရ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။


ယခုအခါ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ၂၆-၃-၂၀၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ-၂၄၉၊ နည်းဥပဒေခွဲ(က)တွင် “ကျန်ရစ်သူ တရားဝင် ခင်ပွန်း(သို့မဟုတ်) ဇနီးသည် နောက်အိမ်ထောင်ပြုပါက မိသားစုပင်စင် ခံစားခွင့် မရှိစေရ” ဟု ပြဋ္ဌာန်းပါရှိပြီး ဖြစ်ပါကြောင်း။


၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး၊ ဥပဒေပုဒ်မ-၁၄ တွင် “ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို အခြားဥပဒေ တစ်ရပ်ရပ်ဖြင့် ရုပ်သိမ်းလျှင် ယင်းသို့ ရုပ်သိမ်းခြင်းမပြုမီက ရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်းချက်၏ အာဏာ သက်ရောက်ခဲ့ခြင်းကို မထိခိုက်စေရ၊ ထို့ပြင် ယင်းဥပဒေ ပြဋ္ဌာန်းချက်အရ နည်းလမ်းတကျ ပြုလုပ်ဆောင်ရွက်ခဲ့သည်တို့ကို မထိခိုက်စေရ” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်ရာ ယခင် ပင်စင်နည်းဥပဒေသစ် အခန်း-၃၊ အပိုဒ်-၅(၄)(ဂ) အရ ဆောင်ရွက်ပေးခဲ့သည့် မိသားစုပင်စင် ခံစားခွင့်ရရှိထားသူ ခင်ပွန်းများသည် ၂၆-၃-၂၀၁၄ ရက်နေ့ မတိုင်မီက နောက်ထပ် အိမ်ထောင်ပြုခဲ့သူဖြစ်ပါက မိသားစုပင်စင်ကို ကွယ်လွန်သည်အထိ ဆက်လက်ခံစားခွင့်ရှိမည် ဖြစ်ပါကြောင်း။


သို့ဖြစ်ပါ၍ မိသားစုပင်စင် ခံစားခွင့်ရရှိသူ ခင်ပွန်းသည် ၂၆-၃-၂၀၁၄ ရက်နေ့မတိုင်မီ နောက်အိမ်ထောင် ပြုခဲ့သူဖြစ်ပါက မိသားစုပင်စင် ဆက်လက်ခံစားခွင့် ရရှိနိုင်ပြီး ၂၆-၃-၂၀၁၄ ရက်နေ့နှင့် နောက်ပိုင်း နောက်အိမ်ထောင်ပြုသူဖြစ်ပါက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ-၂၄၉၊ နည်းဥပဒေခွဲ(က)အရ မိသားစုပင်စင် ဆက်လက်ခံစားခွင့် မရှိတော့ ပါကြောင်း၊ ၂၆-၃-၂၀၁၄ ရက်နေ့နှင့် နောက်ပိုင်းတွင် ကျန်ရစ်သူ တရားဝင် ဇနီး/ခင်ပွန်းများ၏ မိသားစုပင်စင် အကျိုး ခံစားခွင့်များကို အထက်အပိုဒ်-၅ ပါ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းဖြေကြားခဲ့သည်။


MDN