မိန်းမလှကျွန်း ဘေးမဲတော့မှ ဧရာဝတီလင်းပိုင်များ ရေရှည်ရှင်သန်နိုင်ရေး ဝိုင်းဝန်းကူညီထိန်းသိမ်းပေး

 

သိန်းညွန့်(PZL)

 

မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်အတွင်း တည်ရှိပြီး ရေချိုရေငန်စပ် နယ်မြေဒေသတစ်ခုဖြစ်ကာ ရေချိုရေငန်စပ် မိကျောင်း (Crocodylus Porosus) ကို သဘာဝအတိုင်း ထိန်းသိမ်းကာကွယ်ထားသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဧရိယာလည်းဖြစ်ပေသည်။ ယခုနှစ်အတွင်း အဆိုပါဘေးမဲ့တော ဧရိယာအတွင်းရှိ မြစ်ချောင်းများတွင် ဧရာဝတီ လင်းပိုင်အရေအတွက်နှင့် ၎င်းတို့အပေါ် ကျရောက်နေသော ခြိမ်းခြောက်မှုများကို ဖော်ထုတ်နိုင်ရန်အတွက် အဖွဲ့နှစ်ဖွဲ့ခွဲ၍ စာရင်းကောက်ယူရာ ဧရာဝတီလင်းပိုင် ၁၄ ကောင် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

 

mdn

 

“ဒီဘေးမဲ့တောမှာ အခုနှစ် မတ်လကစတင်ကာ အချိန်ကာလတစ်ခုသတ်မှတ်ထားပြီးတော့ ဧရာဝတီလင်းပိုင် ကောင်ရေ စာရင်းကောက်ယူတာကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို စာရင်းကောက်ယူတဲ့အခါ ဘေးမဲ့တောဧရိယာတွေဖြစ်တဲ့ အရှေ့ခြမ်းမှာ ရှစ်ကောင်၊ အနောက်ခြမ်းက ဒုံကနိမြစ်တန်းနဲ့ဘေးမဲ့တောအတွင်း ချောင်းမကြီးတွေမှာ ခြောက်ကောင် စုစုပေါင်း ၁၄ ကောင်ကို တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ အဓိကက ဒီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းနဲ့ ပတ်ဝန်းကျင်ဧရိယာတွေမှာ သွားလာကျက်စားတဲ့ ဧရာဝတီလင်းပိုင် အရေအတွက် သိရှိနိုင်ဖို့၊ ဧရာဝတီလင်းပိုင်တွေအပေါ် ကျရောက်နေတဲ့ နေရင်းဒေသခြိမ်းခြောက်မှုကို ဖော်ထုတ်နိုင်ဖို့နဲ့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်မှုမှာ အထောက်အကူဖြစ်ဖို့ အခုလို ကွင်းဆင်းစောင့်ကြည့် လေ့လာမှုတွေဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဘေးမဲ့တော အုပ်ချုပ် ရေးမှူး ဦးစိုင်းဝဏ္ဏကြည်က ပြောကြားသည်။

 

ဧရာဝတီလင်းပိုင်ကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နေရာတချို့၌ အများဆုံး တွေ့ရှိနိုင်ကြောင်း သိရသည်။ အဆိုပါ ဘေးမဲ့တောတွင် ငှက်မျိုးစိတ်များ ပျံ့နှံ့ကျက်စားမှု၊ ရေချိုရေငန်စပ် မိကျောင်းများ၏ အလေ့အထများနှင့် ဂေဟဗေဒ၊ ရာသီဥတုပြောင်းလဲမှု၏ ဒီရေတောများအပေါ် အကျိုးသက်ရောက်မှု၊ ဒီရေတောမှ ရရှိသည့် သယံဇာတများက ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးကို အထောက်အကူပြုမှု၊ ဒီရေတော ဂေဟစနစ် ဝန်ဆောင်မှုများနှင့် သဘာဝဘေး အန္တရာယ်ကျရောက်မှု လျော့နည်းသက်သာခြင်း ဆက်စပ်မှုများအား လေ့လာနိုင်မည်ဖြစ်ကြောင်းနှင့် လေ့လာအပန်းဖြေစရာအဖြစ် ဒီရေတောအတွင်း စက်လှေစီး၍လေ့လာခြင်း၊ ဒေသခံများ၏ မိရိုးဖလာ ငါးဖမ်းနေမှုများ၊ ကမ္ဘာပေါ်တွင် အလွန်ရှားပါးသည့် ရွှေ့ပြောင်းဆောင်းခို ငှက်များ၊ နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ပင်လယ်လိပ်များ၏ နေထိုင်ကျက်စားမှုများကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဧရာဝတီလင်းပိုင်များနှင့် ပတ်သက်၍ The Convention on International Trade in Endangered Species of Wild Fauna and Flora-CITES မျိုးသုဉ်းရန် အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန် သစ်ပင်ပန်းမန်မျိုးစိတ်များ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာသဘော တူညီချက်၏ အဆင့် (၁)အရ လုံးဝကာကွယ်ထားသည့် တိရစ္ဆာန်ဖြစ် သကဲ့သို့ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) က မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံအနေဖြင့် အမိန့်ကြော်ငြာစာအမှတ် (၆၉၀/ ၂၀၂၀) အရ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လုံးဝကာကွယ်ထားသည့် (နို့တိုက်သတ္တဝါ) စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံသားများအဖို့ တန်ဖိုးကြီးမားပြီး ရှားပါးသောပိုင်ဆိုင်ခွင့်ဖြစ်သည့် ဧရာဝတီလင်းပိုင် မျိုးစိတ်တစ်ခု မျိုးသုဉ်းပျောက်ကွယ် မသွားစေရေးနှင့် ရေရှည်ဆက်လက် ရှင်သန်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များနှင့် ဘိုကလေးမြို့နယ်ရှိ ဒေသခံပြည်သူများက တာဝန်သိသိ၊ စေတနာရှိရှိဖြင့် ဝိုင်းဝန်းကူညီ ထိန်းသိမ်းကြပါရန် တိုက်တွန်းရေးသား အပ်ပါသည်။