မိမိကိုယ်ကို ကိုးကွယ်ရာ

“အတ္တာဟိ အတ္တနော နာထော မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်သည်” ဟူသည့်စကားက မြန်မာတို့အဖို့ မစိမ်းသော စကားစုဖြစ်ပါသည်။ သည်စကားက ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သည့်စကား ဖြစ်သည်။

အဆိုပါ စကားစုနှင့် ပတ်သက်၍ မည်သို့ယုံကြည်မှုရှိသည်၊ မည်မျှလောက် ယုံကြည်မှုရှိသည် ဆိုသည်ကိုမူ ကိုယ်တိုင်ဆန်းစစ်မှ သင့်မည်ဟု ထင်၏။

အများအားဖြင့် မိမိတို့ လူမှုအသိုက်အဝန်းတွင် တွေ့မြင်ရလေ့ရှိသူတို့တွင် မိမိမှတစ်ပါး အားကိုးရှာလေ့ရှိသည့် အလေ့ကို သတိပြုမိပါသည်။

မိဘကို၊ မိတ်ဆွေသူငယ်ချင်းကို၊ ဆွေမျိုးသားချင်းများကို စသဖြင့် အားကိုးကြလေ့ရှိ၏။ ဤသည်မှာ သဘာဝကျသော အလေ့ဟု ဆိုရပါမည်။ မည်မျှပင် မိမိကိုယ်ကို အားကိုးကြသည်ဆိုသော်လည်း မိမိချစ်ခင်သူများ၊ လေးစားသူများ၊ ကြည်ညိုသူများကို အားကိုးမိကြသည်မှာ မဆန်းလှ။

သို့သော်လည်း လက်တွေ့ဘဝများတွင် ဟောသည်အရွက် အိတ်ထဲတွင်ဆောင်ကာ စာမေးပွဲသွားဖြေလျှင် ဂုဏ်ထူးထွက် လိမ့်မည်ဆိုလျှင်လည်း ယုံကြည်အားကိုးမိသည်လား။ မနက်နေထွက်ချိန် ဟောသည်လမ်းကို လျှောက်ကာ အနှီဘုရားရင်ပြင် တော်ပေါ်သို့တက်၍ ဟောသည်လုံချည်ကို ဝတ်ရင်းသည်သို့သည်ပုံ လုပ်လိုက်လျှင် လက်ရှိ အနေအထားမှာ ကြာကြာမြဲမည်၊ ဩဇာအာဏာ တည်လတံ့ဟုဆိုလျှင်လည်း အားကိုးယုံကြည်ကြမိသည်လား။ ဟောသည်နေ့ရက် နေတက်ရေတက်မှာ အလှူကြီးလုပ်၊ ဟောသည်ထမင်း၊ ဟောသည်ဟင်းကို ကျွေးမည်ဆိုက ရာထူးတည်မြဲလိမ့်မည်ဟု ဆိုလျှင်လည်း ယုံကြည်မိကြ သည်လား။

သည်လိုမျိုးတွေကို အားကိုးလို့ ဖြစ်ကြသည်လည်း ရှိကောင်းရှိမည်၊ မဖြစ်သည်ကလည်း ရှိသည်ဆိုတာ အရွယ်ရောက်သည်နှင့် အမျှ ကြုံဆုံဖူး ကြပါလိမ့်မည်။ ကိုယ့်အားကိုယ်ကိုး ဆိုသည်ထက် ဘာကမှ အားကိုးစရာ ရှိမည်မထင်။

ဗုဒ္ဓဘုရားရှင်၏ မိမိသာလျှင် မိမိ၏ကိုးကွယ်ရာ ဖြစ်သည်ဟူသည့် စကားမှာ မိမိကိုယ်တိုင် စောင့်ထိန်းသည့်သီလ၊ မိမိကိုယ်တိုင် ကျင့်ကြံသည့် သမာဓိ၊ မိမိကိုယ်တိုင် ဆောက်တည်သည့် ဘာဝနာတို့ကို အားကိုးရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ကိုယ့်အားကိုယ်ကိုးဟု ဆိုသည်မှာ ကိုယ်တိုင်၏ ကိုယ်နှုတ်နှလုံးတို့ မဖောက်မပြန် မှန်မှန်ကျင့်ကြံခြင်းကို အားကိုးရမည် မဟုတ်ပါလား။ ကိုယ့်ဘဝ၏ တိုးတက်ရာအတွက် မှန်ကန်သောအကျင့်၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သော ပြောဆိုမှု၊ မှန်ကန်သော စိတ်သဘောထား၊ မှန်ကန်သော အာရုံစူးစိုက်မှု၊ မှန်ကန်သော စောင့်ထိန်းသည့် အသိ၊ မှန်ကန်သော သိမြင်မှုတို့ဖြင့်သာ မိမိဘဝ မှန်မှန်ကန်ကန် တိုးတက်ဖွံ့ဖြိုးမည် မဟုတ်ပါလား။

မိမိပြုလုပ်သည့် အလုပ်၊ အပြော၊ အတွေးတို့ မှန်ကန်မှသာ မှန်ကန်ကောင်းမွန်သော ရလဒ်ရမည်ဆိုသည်ကို ယုံကြည်သည် ဆိုခြင်းက မိမိကိုယ်ကို ယုံကြည်ခြင်းပင်ဖြစ်ပါမည်။ မိမိပြုလုပ်သည့် အလုပ်များပေါ်တွင် နက်နက်ရှိုင်းရှိုင်း မယုံကြည်သူ အများစုသည်သာ အခြားအခြားသော ယုံကြည်အားကိုးရာ ရှာကြလေ့ရှိမည်သာတည်း။

ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်သည်ပင်လျှင် သူ့ကိုအားကိုးရန်ဟု မဆို၊ “အတ္တာဟိ အတ္တနော နာထော မိမိသာလျှင် မိမိ၏ကိုးကွယ်ရာဖြစ်သည်” ဟု ဆိုခဲ့သည်။ ထိုတရားသည် ယုံကြည်ထိုက်၏ မဟုတ်ပါလော။

ယုံကြည်မှုတို့တွင် မိမိ၏ ယုံကြည်မှုနှင့် စပ်လျဉ်း၍ မည်မျှလောက် မိမိကိုယ်တိုင်က လိုက်နာသည် နည်းဆိုသည်က အရေးပါပါမည်။ မိမိကိုယ်တိုင်ထက် မည်သည်တို့ကို ပိုမိုယုံကြည်ကြရန် လိုပါမည်လဲဟု ချင့်ချိန်စဉ်းစားဆင်ခြင်ကာ ကိုယ်ကိုယ်တိုင်၏ ကာယ၊ ဝဇီ၊ မနော မှန်ကန်ကောင်းမွန်အောင် စောင့်ထိန်းကျင့်ကြံလိုက်နာ ဆောက်တည်နိုင်ကြပါစေ သတည်း။    ။