မိမိကိုယ်ကို စောင့်ရှောက်ကာကွယ်

နေပြည်တော် ၂၀ ဖေဖော်ဝါရီ

လူတို့သည် အမှုမဲ့အမှတ်မဲ့ နေထိုင်တတ်သည့်သဘောရှိသည်။ လက်ငင်း မိမိတို့၏ စိတ်ဆန္ဒများကို ဦးစားပေးလွန်းသောကြောင့်ဖြစ်သည်။ စားသတိ၊ သွားသတိ၊ နေသတိ၊ ထိုင်သတိနှင့်မနေကြသောကြောင့် မိမိကိုယ်ကို မကယ်တင်နိုင်ဘဲ အချိန်မတိုင်မီကြွေလွင့်ကြရသည်။ မိမိတို့လူမှုဘဝ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲ တိုးတက်လာသည့် အလျောက်အချိန်မတိုင်မီ ကြွေလွင့်စေသော အကြောင်းတရားများ တိုးပွားလာသည်။

ယခင်က လူမှုဘဝတွင် ကူးစက်ရောဂါအမျိုးမျိုးတို့ကြောင့် လူတို့၏အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုရှိခဲ့ရာမှ ယခုအခါ မကူးစက်သော ရောဂါများ ထပ်တိုးဖြစ်ပေါ်လာပြီး လူတို့၏အသက်အန္တရာယ်ကို အလွယ်တကူပင် ကျရောက်သွားနိုင်သည်။ မကူးစက်သော ရောဂါဆိုသည်မှာ နှလုံး၊ သွေးတိုး၊ ဆီးချို၊ သွေးချိုစသည့် ရောဂါတို့ ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ခုနှစ် ကျန်းမာရေးဆိုင်ရာစစ်တမ်း ကောက်ယူမှု တစ်ခုအရ မြန်မာနိုင်ငံတွင် သေဆုံးသော လူအားလုံး၏ ၇၄ ရာခိုင်နှုန်းသည် သွေးတိုးနှင့် ဆီးချိုရောဂါ အပါအဝင် မကူးစက်သော ရောဂါတစ်မျိုးကြောင့် သေဆုံးကြရသည်ဟုသိရှိရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကာလမှစ၍ အဆိုပါ မကူးစက်သောရောဂါများ ခေတ်စားလာခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားရခြင်းမှာ တိုးတက်လာသော လူဦးရေနှင့် နေထိုင်စားသောက်မှု လူမှုဘဝပုံစံ ပြောင်းလဲခြင်းဖြစ်သည်ဆိုရာ၌ အဓိကမှာ ပတ်ဝန်းကျင်နှင့် အစားအသောက်များကြောင့် ဖြစ်ရသည်ဟု ဆိုနိုင်သည်။ မြန်မာပြည်သူပြည်သားများ လူနေမှုဘဝ အဆင့်အတန်းအရ အဆင့်အတန်းမီ၊ အရည်အသွေး ပြည့်ဝသည့် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲနိုင်ခြင်း မရှိသေးချေ။ ထို့ကြောင့် မကူးစက်သော ရောဂါများနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရ လူတိုင်းလူတိုင်း ပြည်သူတိုင်းအား ကျန်းမာရေး စောင့်ရှောက်မှု အာမခံချက် အပြည့်အဝ ပေးနိုင်သည့်အဆင့်ကို မရောက်သေးချေ။ သို့သော်လည်း ကူးစက်တတ်သော ရောဂါများ၊ မကူးစက်တတ်သော ရောဂါများကို လွှမ်းခြုံ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် မြန်မာနိုင်ငံ ကျန်းမာရေးဌာန၏ စီမံဆောင်ရွက်ပေးမှုများသည် ယခင်ကာလများနှင့်မတူ ထူးထူးခြားခြား ဆောင်ရွက်လာသဖြင့် အသိအမှတ်ပြုရမည် ဖြစ်သည်။

ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရာ၌ မြို့ပြနေ ပြည်သူများအဖို့ လွယ်လင့်တကူ ရရှိနိုင်သော်လည်း ကျေးလက်နေပြည်သူများအဖို့ လိုအပ်ချက်များ ရှိနေသေးသည်။ ထို့ကြောင့် ကျေးလက်ကျန်းမာရေး လုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်။ ယခု လူအများ၏အသက်အန္တရာယ်ကို လွယ်လင့်တကူ ခြိမ်းခြောက်လာသော မကူးစက်နိုင်သည့် ရောဂါများ၏အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ကျေးလက်များတွင်ပါ စီမံဆောင်ရွက်ပေးနိုင်သဖြင့် ဝမ်းမြောက်ရသည်။

မြန်မာတို့၏ နေထိုင်စားသောက်မှုပုံစံသည် ကျေးလက်များပါ မရှောင်လွှဲနိုင်သဖြင့် မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းနေထိုင်သည့် ကျေးလက်များတွင်လည်း မကူးစက်သော ရောဂါများ ဖြစ်ပွားမှုရှိသည်။ ထို့ကြောင့် ယမန်နှစ်မှစတင်၍ ကျေးလက်ဒေသများတွင် ဗုဒ္ဓဟူးနေ့ဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးသည်။ ပြည်သူလူထုအနေဖြင့် ထိရောက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီလာရေးနှင့် မကူးစက်နိုင်သောရောဂါများ အထူးသဖြင့် သွေးတိုးနှင့် ဆီးချိုရောဂါကြောင့် လူသေဆုံးရမှုကို လျှော့ချနိုင်အောင် ရည်မှန်းဆောင်ရွက်ပေးခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ ကျန်းမာရေးဌာနအနေဖြင့် တတ်နိုင်သည့်ဝန်အားဖြင့် ပြည်သူလူထု ကျန်းမာလာစေရေး ထိုကဲ့သို့ စောင့်ရှောက်ပေးနိုင်မှုကို ကြိုဆိုရမည်ဖြစ်သည်။ ပြည်သူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် မိမိတို့၏ကျန်းမာရေးကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ခြင်းအား အသိစိတ်ဓာတ်ရှိစွာဖြင့် သတိမူဆောင်ရွက်ခြင်းဖြင့် အချိန်မတိုင်မီ အလွယ်တကူ သေဆုံးခြင်း အန္တရာယ်မှ ကျော်လွှားနိုင်ကာ အသက်ရှည်ကျန်းမာစွာဖြင့် မိမိတို့ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

ကြေးမုံ