မိမိစိတ်ကို ဗဟိုပြု၍ ……

မောင်မောင်လင်း (သံအမတ်ကြီး) 

မြတ်ဗုဒ္ဓရဲ့တရားတော်ဟာ စိတ်ကိုဗဟိုပြုတဲ့ ဘာသာတရား Mind Centered Religion ဖြစ်ပါတယ်။ အသိစိတ်ကိုဗဟိုပြုပြီး ကောင်းတာတွေကိုသာ ရွေးချယ်လုပ်ကိုင်စေရေးဖြစ်ပါတယ်။ အနှစ်ချုပ်က “အကုသိုလ်မှန်သမျှမဖြစ်အောင် ရှောင်ရှားရန်နဲ့ ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ကြရန်” ဖြစ်လို့ ပြောမှု၊ လုပ်ကိုင်မှုတို့ကို ဦးဆောင်နေတဲ့ စိတ်ကိုဆင်ခြင်ထိန်းသိမ်းနိုင်ရမှာဖြစ်ပါတယ်။ 

နေ့တိုင်းဆင်ခြင်စိတ်ကိုပြင်

ဒါကြောင့် လူတစ်ဦးချင်းအနေနဲ့ သူများရဲ့စိတ်ကို မသိချင်နေပါစေ၊ ကိုယ့်စိတ်ကိုယ်တော့ သိအောင်၊ လိမ္မာကျွမ်းကျင်အောင် နေ့စဉ်နေ့တိုင်း၊ အချိန်ရရင် ရတိုင်း မိမိစိတ်ကိုမိမိ စဉ်းစားဆင်ခြင်မှု ပြုလုပ်ခြင်းမျိုးဟာ အပြစ်ကင်းသောတရားဖြစ်ပြီး ကုသိုလ်ကောင်းကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း၊ သတိနဲ့ အသိဉာဏ်ပေါင်းစပ်ပြီး မိမိကိုယ်ကိုယ်မိမိ ဆင်ခြင်ပေးနေရမှာဖြစ်ကြောင်း ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ “နေ့တိုင်းဆင်ခြင် စိတ်ကိုပြင်” ဆိုတဲ့ တရားတော်မှာ နာယူမှတ်သားခဲ့ရပါတယ်။

ဆင်ခြင်သုံးသပ်ဖို့ အချက်(၁၀)ချက်ရှိပြီး အကောင်းနဲ့အဆိုး နှစ်မျိုးရှိတာနဲ့အညီ စုစုပေါင်း အချက် ၂၀ ဖြစ်သွားမှာဖြစ်ပါတယ်-

(၁)    မိမိဟာ လောဘကြီးသူဖြစ်နေသလား။ (ဒီနေရာမှာ အပြစ်ကင်းတဲ့လောဘလို့ ပြောနိုင်တဲ့ မိမိပိုင်တဲ့ပစ္စည်းဥစ္စာအပေါ် တွယ်တာမိခြင်းမျိုးကပင် ဘဝအဆုံးမှာ နိမ့်ကျသွားနိုင်ပါတယ်။)

(၂)    မိမိဟာ လူ၊ ပစ္စည်းတစ်ခုခုအပေါ် မကျေနပ်နေမှု၊ အကြောင်းအရာတစ်ရပ်ရပ်အပေါ် မကျေမချမ်းဖြစ်နေသလား။

(၃)    ကုသိုလ်ကောင်းမှုပြုလုပ်ဖို့ စိတ်အား တက်ကြွမှုမရှိဖြစ်နေသလား။

(၄)    စိတ်ကိုစုစည်းထားလို့မရဘဲ စိတ်လေလွင့်နေသလား။

(၅)    ဘာသာတရားနဲ့ စပ်လျဉ်းပြီး ဒွိဟသံသယ စိတ်ဖြစ်ပေါ်နေသလား။

(၆)     ထစ်ခနဲဆို စိတ်တိုတတ်သလား။

(၇)    စိတ်ပူပန်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲသလိုဖြစ်နေသလား။

(၈)    ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းမှု၊ အေးချမ်းမှု မရှိဖြစ်နေသလား။

(၉)    ပျင်းရိ၊ ဖင့်နွှဲ၊ တွန့်ဆုတ်ကာ ဝီရိယနည်းပါး နေသလား။

 (၁၀) အာရုံစုစည်းမှုမရ၊ တည်ငြိမ်မှုမရှိဖြစ်နေပြီး သမာဓိအားနည်းနေသလား။

အဲဒီအချက်တွေအပေါ် သေချာစွာ ဆင်ခြင်သုံးသပ်ပြီး မကောင်းတဲ့စိတ်တွေဖြစ်ပေါ်နေရင် ကောင်းတဲ့စိတ်ဖြစ်သွားအောင် မိမိကိုယ်တိုင်က ပြောင်းလဲပေးရမှာဖြစ်ပါတယ်။ အရာရာကို သတိကပ်ပြီး အသိနဲ့ယှဉ်ကာ ပြောဆိုပြုမူနေထိုင်သွားပါက ကုသိုလ်တရားတိုးပွားကာ နေ့စဉ်လူနေမှုဘဝမှာ ကိုယ်တိုင်အတွက်ရော လူလူချင်းပုံမှန်ဆက်ဆံ ပြောဆိုရာမှာပါ များစွာအကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်။ ဒီလိုစဉ်းစားဆင်ခြင်ရာမှာ လုံးဝကုံလုံပြည့် စုံစွာပြုလုပ်နိုင်ဖို့ Bounded Rationality လို့ခေါ်တဲ့ ဆင်ခြင်တုံတရားအပေါ် ပိတ်ဆို့စေနိုင်တဲ့ အချက်လေးချက်ရှိတာကို သိရှိထားရမှာဖြစ်ပါတယ်။ 

ကိစ္စရပ်အကြောင်းအရာအပေါ် ပြည့်စုံစွာ ဆင်ခြင်နိုင်မှာဖြစ်

လူတွေဟာ ကိစ္စတစ်ရပ်အပေါ် ဆင်ခြင်စဉ်းစားရာမှာ သတိ (Attention) ထားရှိရမယ်။ မှတ်သားထားရှိနိုင်မှု (Memory) လည်းကောင်းမွန်ရမယ်။ ပြီးပြည့်စုံသွားအောင် သိရှိထားမှု (Comprehensive) လည်း လိုအပ်မှာဖြစ်ပြီး နောက်ဆုံး Communi- cation လို့ခေါ်တဲ့ မိမိကိုယ်ကိုအသိပေးနိုင်မှုရှိမှသာ ကိစ္စရပ်အကြောင်းအရာအပေါ် ပြည့်စုံစွာ ဆင်ခြင်နိုင်မှာဖြစ်ပါကြောင်း လေ့လာသင်ယူခဲ့ရပါတယ်။

မိမိကိုယ်မိမိဆင်ခြင်ဖို့ (Contemplation) တောင် အဲဒီလောက်လိုအပ်ချက်ရှိနေရင် မိမိသေချာစွာမသိတဲ့ အခြားသူရဲ့အကြောင်းအရာ နဲ့ကိစ္စရပ်တွေအပေါ် အကဲဖြတ်ရင် ပိုခက်ခဲမှာဖြစ်ပါတယ်။ လူတွေဟာ ကိုယ်ထင်တာကိုပဲ အမှန်ထင်နေကြပါတယ်။ မျက်မမြင်ပုဏ္ဏားခြောက်ဦးရဲ့ ဆင်ကိုပုံဖော်ရာမှာ မိမိလက်နဲ့ စမ်းမိထိတွေ့မိတာကိုသာ အမှန်လို့ထင်တာမျိုး၊ မိမိမြင်တဲ့အမြင် (Perceptions)ကို အခြေခံပြီး မိမိရဲ့ရှိရင်းအစွဲ (Biases)တွေနဲ့ပေါင်းကာ Correspondent Infer- ences လို့ခေါ်တဲ့ လိုသလိုကောက်ချက်ဆွဲချတတ်ပါ တယ်။ ဥပမာအားဖြင့် လူတစ်ယောက်လှေကားပေါ်က ပြုတ်ကျတာမြင်လိုက်တာနဲ့ ဒီလူဟာ တော်တော်နမော်နမဲ့နိုင်တာပဲလို့ ချက်ချင်းကောက်ချက်ဆွဲတတ်တာမျိုးပေါ့။

အဲဒီလိုဖြစ်ရတာဟာ ကိစ္စတစ်ရပ်ရပ်ကို မြင်မှု၊ ကြားမှု၊ ထိတွေ့မှုရှိလာတာနဲ့ ချက်ချင်းဆင်ခြင် သုံးသပ်မှုတစ်ခု အလိုလိုပြုလိုက်ပြီး ဖျတ်ခနဲ အတွေးတစ်ခုဝင်လာလို့ဖြစ်ပါတယ်။ Thinking Fast ပေါ့။ Mental Reckoning စိတ်တွက်တွက်လို့ရတဲ့ဟာမျိုးဖြစ်ပြီး သင်္ချာမှာအလီကို အလွတ်ကျက်ထားသလိုမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ကိစ္စအားလုံးဟာ အဲဒီလောက်မြန်မြန်နဲ့ အဖြေထုတ်လို့မရဘူးလေ။ အထူးသဖြင့် လူတစ်ဦးအပေါ် ကိုယ့်ရဲ့ အမြင် နဲ့ လွယ်လွယ်ကောက်ချက်မဆွဲသင့်ဘူးဆိုတာ အားလုံးသိမှာပါ။ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ရ မယ့်အရာမျိုးဆိုရင် Thinking Slow သေသေချာချာ ပြန်တွေးကြည့်ဖို့လိုတာပေါ့။

မိမိရဲ့ ရှိရင်းစွဲအမြင်နဲ့ အစွဲခုနစ်ချက်

လူတိုင်းဟာအကဲဖြတ်တာ မှားယွင်းခဲ့မှု အမြဲတမ်းရှိခဲ့မှာပါ။ ဘာကြောင့်လဲဆိုတော့ အရှေ့မှာ ဖော်ပြခဲ့တဲ့ မိမိရဲ့ ရှိရင်းစွဲအမြင်နဲ့အစွဲ Perceptions and Biases တွေကြောင့်ပါ။ Perceptions and Biases ခုနစ်ချက်ရှိပါတယ်-

(၁) Fundamental attribution error (ပင်ကို ရှိရင်းအကြောင်းခြင်းရာ)။ လူတစ်ဦးတစ်ယောက်ရဲ့ အတွင်းပင်ကိုဗီဇကိုသာကြည့်လိုက်ပြီး ပြင်ပရဲ့ သက်ရောက်မှုကို ထည့်မတွက်ဘဲ ကောက်ချက်ချခြင်း။ (ဥပမာအားဖြင့် အမျိုးသမီးများ ယာဉ်တိုက်မှု ဖြစ်ပွားမှုများရင် အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် ကားမောင်းတာ မကျွမ်းကျင်နိုင်ဘူးလို့ သတ်မှတ်လိုက်တာမျိုး)

(၂) Halo effect (ကိုယ်ရောင်ကိုယ်ဝါရဲ့သက်ရောက်မှု)။ တစ်ဦးတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး ဆက်နွှယ်ပတ်သက်မှုမရှိတဲ့ အကြောင်းအရာတစ်ခုနဲ့ ဆက်စပ်ကောက်ချက်ချလိုက်တာမျိုး။ (ဥပမာအားဖြင့် ဥပဓိရုပ်ကောင်းတဲ့လူဟာ သဘောကောင်းမှာပဲ၊ တော်မှာပဲ၊ ယုံကြည်ရမှာပဲလို့ထင်မှတ်ခြင်းမျိုး)

(၃) Similar to me effect (သူတော်ချင်းသတင်းလွေ့လွေ့ဖြစ်မှု)။ မိမိနဲ့ အကြိုက်၊ ဝါသနာ၊ ဇာတိ စတဲ့ အကြောင်း‌ခြင်းရာများအနက် မိမိနဲ့တူတဲ့သူအပေါ် သဘောကျနှစ်သက်တတ်တာမျိုး။ (ဥပမာအားဖြင့် မန်ယူအသင်းကို နှစ်သက်သူအချင်းချင်း သဘောကျနှစ်ခြိုက်တာမျိုး)

(၄) Selective perception (လိုချင်တာကိုသာ ကြိုရွေးထားမှု)။ မိမိရွေးချယ်လိုလားတဲ့ အကြောင်း အရာအပေါ်မှာသာမူတည်ပြီး လိုသလိုဆွဲပြီး အခြား အကြောင်းအရာတွေကို လုံးဝထည့်သွင်းစဉ်းစားမှု မပြုဘဲ ကောက်ချက်တန်းချလိုက်တာမျိုး။ (ဥပမာ အားဖြင့် လုပ်ငန်းခွင်မှာ မိမိယုံကြည်အားထားရသူ ရဲ့ပြောစကားတစ်ခုတည်းကိုသာ လက်ခံပြီး ဆုံးဖြတ်ချက်ချတာမျိုး)

(၅) First impression error (ပထမဆုံးအကဲဖြတ် ထားမှုအပေါ်ကိုင်စွဲထားတဲ့အမှား)။ တစ်ဦး တစ်ယောက်အပေါ် ပထမဦးဆုံးရရှိခဲ့တဲ့ ထင်မြင်ထားရှိချက်အတိုင်း တစ်လျှောက်လုံး စွဲကိုင် သတ်မှတ်ထားရှိမှုမျိုး။

(၆) Self-fulfilling prophesies (ကြိုတင်ဟောကိန်း ထုတ်နိုင်စွမ်းရှိမှု)။  တစ်ဦးတစ်ယောက်အပေါ် သူ့အနေဖြင့် ကြိုတင်မျှော်လင့်ထားရှိတဲ့အတိုင်း ဖြစ်လာမယ်လို့ ထင်မှတ်ထားတာမျိုး။

(၇) Stereotypes (ပုံသေကားချပ်မှတ်ယူတတ်မှု)။ ကိစ္စအကြောင်းအရာ၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အပေါ် ဒီပုတ်ထဲကဒီပဲတွေပဲဖြစ်မှာပဲလို့ ကောက်ချက်ချပြီး ဝါးလုံးရှည်နဲ့သိမ်းကြုံးရမ်းသလို ကောက်ချက်ချတာမျိုး။

ဒီအချက်တွေကိုလေ့လာကြည့်ပါက ပုထုဇဉ်ဖြစ်တဲ့ လူသားတွေအနေနဲ့ ကိစ္စရပ်တစ်ခု၊ အကြောင်းခြင်းရာတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးနဲ့ စပ်လျဉ်းပြီး ဆုံးဖြတ်ဆောင်ရွက်ရမယ့်အချိန်မှာ အဂတိတရားလေးပါးဖြစ်တဲ့ ဆန္ဒ၊ ဘယာ၊ မောဟ၊ ဒေါသဆိုတဲ့ လွဲမှားနေသောအစွဲ (Corrupted Biases) လေးချက်ကို ရှောင်ရှားနိုင်မှသာ လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပြောဆို၊ လုပ်ကိုင်ရတဲ့အခါ မှန်ကန်စွာ ပြုမူလုပ်ဆောင် နိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။