မိခင်သည် ကိုယ်ဝန်ရှိမှန်းမသိခင် ဆေးလိပ်နှင့် အရက်သောက်လျှင် ကလေးမှာ ဘာဖြစ်နိုင်သလဲ

ရေးသားသူ Dr. K Zin Thwe

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

ဆေးလိပ်နှင့် အရက်သည် ကင်ဆာနှင့် အခြားကြီးမားသော ကျန်းမာရေး ပြဿနာများကို ဖြစ်စေသည်ဟု ယုံကြည်ကြသည်။ ထိုနည်းတူပင် ကိုယ်ဝန်ရှိစဉ် ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းသည် ဆိုးရွားသော ပြဿနာများကို သယ်ဆောင်လာမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုနှစ်မျိုးစလုံးသည် ကလေး၏ ကျန်းမာရေးအတွက် အန္တရာယ်များဖြစ်သည်။ ဆေးလိပ်သောက်သူ အနားမှာရှိနေလျှင်တောင် မိခင်ရော ကလေးကိုပါ အန္တရာယ်ဖြစ်စေသည်။

 

စီးကရက်နှင့် အရက်တွင် အန္တရာယ်ပေးသော ပါဝင်ပစ္စည်း အမြောက်အမြားပါဝင်ပါသည်။ ထိုနှစ်မျိုးစလုံးကို တတ်နိုင်သလောက် ရှောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

 

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည် မျိုးမပွားနိုင်သော ပြဿနာများကို အလွယ်တကူဖြစ်ပွားစေသည်။ ဆေးလိပ်သောက်သော အမျိုးသမီးများသည် ဆေးလိပ်မသောက်သော အမျိုးသမီးများထက် ကိုယ်ဝန်ဆောင်ချိန် ပြဿနာပိုဖြစ်ပွားသည်။ အကယ်၍ မိခင်သည် ကိုယ်ဝန်ရှိနေမှန်းမသိခင် ဆေးလိပ်သောက်လျှင် မိခင်ရော ကလေးကိုပါ များစွာသော ထိခိုက်မှုဖြစ်စေနိုင်သည်။

 

ကလေးသည် ကိုယ်ဝန်နေ့စေ့သည့်တိုင် ပေါင်မပြည့်ဘဲ မွေးလာနိုင်သည်။ ဆေးလိပ်သောက်ခြင်းသည် မမွေးခင်နှင့် မွေးပြီးနောက်ပိုင်းတွင် ကလေးဖွံ့ဖြိုးမှု နှေးကွေးစေသည်။

ကလေးသည် နေ့မစေ့၊ လမစေ့ စောမွေးနိုင်သည်။ စောမွေးသော ကလေးများသည် ပြင်းထန်သော ကျန်းမာရေးပြဿနာများ မကြာခဏ ကြုံရတတ်သည်။

ဆေးလိပ်သောက်ခြင်းသည် ကလေး၏ အဆုတ် (သို့) ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်သည်။ ထိခိုက်မှုများသည် ကလေးငယ်ဘဝတစ်လျှောက် ဒုက္ခဆက်ပေးနိုင်သည်။

ဆေးလိပ်သောက်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန် (သို့) မွေးဖွားပြီးနောက်တွင် မူမမှန်သွေးဆင်းခြင်း ဖြစ်ပွားနိုင်ချေ မြင့်မားစေသည်။ ထိုသို့သွေးဆင်းခြင်းသည် မိခင်ရော ကလေးကို အန္တရာယ်ပေးနိုင်သည်။

ဆေးလိပ်သောက်ခြင်းသည် ကလေးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အပါအဝင် မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ပွားနိုင်ချေကို နှစ်ဆမြင့်မားစေသည်။ ကလေးသည် ခွဲစိတ်ဖို့ လိုအပ်ကောင်းလိုအပ်နိုင်သည်။

 

အရက်သောက်ခြင်း

ကလေးယူဖို့ ကြိုးစားနေသော အမျိုးသမီးများသည် ကလေးတွင် ကျန်းမာရေးပြဿနာ နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းရန်အတွက် အရက်ကို မသောက်သင့်ကြောင်း ထောက်ခံထားကြသည်။

 

အရက်သောက်လျှင် အရက်သည် မိခင်ခန္ဓာကိုယ်မှ လျင်မြန်စွာ ဖြတ်သန်းစီးဆင်းပြီး ကလေးဆီသို့ ရောက်ရှိနိုင်သည်။ ကလေး၏ ခန္ဓာကိုယ်သည် အရက်ကို ချေဖျက်နှုန်း အတော်နှေးသည်။ ထို့ကြောင့် ကလေး၏ သွေးတွင်း အရက်ပမာဏသည် မြင့်မားနေသည်။

 

၎င်းသည် ကိုယ်ဝန်ပျက်ကျနှုန်းနှင့် အသေမွေးနှုန်း အန္တရာယ်နှစ်ဆ တိုးစေသည်။

တစ်ပတ်ကို အရက်တစ်ခွက်သောက်သော မိခင်များသည် လုံးဝမသောက်သူများနှင့် ယှဉ်လျှင် ဆိုးသွမ်း၊ ရန်မူသော အပြုအမူရှိသည့် ကလေးများကို မွေးဖွားနိုင်ချေ ပိုများသည်။

အရက်သောက်ခြင်း၏ ဆိုးရွားသော ရလဒ်မှာ အရက်ကြောင့်ဖြစ်သော ကလေးငယ်၏ ဝေဒနာ (fetal alcohol syndrome) မူမမှန်မျက်နှာပုံသဏ္ဍာန်၊ နှလုံးချို့ယွင်းချက်များ၊ ပင်မအာရုံကြောစနစ် ထိခိုက်ပျက်စီးမှု (ဉာဏ်ရည်ချို့ယွင်းမှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ အမြင်အကြားအာရုံ ထိခိုက်မှုနှင့် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများ)

ဆေးလိပ်နှင့် အရက်သည် အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ဆိုးရွားသော ပြဿနာများကို ဖြစ်စေပါသည်။ သင်သည် ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းကို ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။ အကယ်၍ သင်သည်ကိုယ်ဝန်ရှိနေပြီး ဖြစ်နေလျှင်လည်း ၎င်းတို့ကို ဖြတ်နိုင်အောင် ကြိုးစားပါ။ မကောင်းသော အကျင့်ဆိုးများကို ပြုပြင်ဖို့ ဘယ်သောအခါမှ နောက်ကျသွားသည်ဆိုတာ မရှိပါ။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

ယခုဆောင်းပါးကို Myanmar Digital News မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်