မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဂျပန်မှ အိုဆာကာကို အနိုင်ယူကာ ပိုလန်သူ ဆွီယာတက်ခ် ဖလားဆွတ်ခူး

မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်သည် ဂရင်းဆလမ်း ချန်ပီယံဆု လေးကြိမ် ဆွတ်ခူးရရှိထားသော ဂျပန်တင်းနစ်မယ် အိုဆာကာကို အနိုင်ရရှိကာ မီယာမီအိုးပင်းဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ဆွီယာတက်ခ်သည် ပြိုင်ဘက် အိုဆာကာ ကို ၆-၄၊ ၆-၀ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖလား ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်သည်။ ဆွီယာတက်ခ်သည် ယခုနှစ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဒိုဟာအိုးပင်းတင်းနစ် ပြိုင်ပွဲနှင့် အင်ဒီးယန်းဝဲလ်တင်းနစ် ပြိုင်ပွဲတွင်လည်း ဖလားဆွတ်ခူးထားသည်။ ယင်းကြောင့် အသက် ၂၀ အရွယ်ရှိ ဆွီယာတက်ခ်သည် တစ်နှစ်အတွင်း ဖလားသုံးလုံး ဆွတ်ခူးနိုင်သည့် ပထမဆုံး အမျိုးသမီးတင်းနစ်မယ် ဖြစ်လာခဲ့သည်။

ဆွီယာတက်ခ်သည် မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် အမေရိကန်တင်းနစ်မယ် ပီဂူလာကို ၆-၂၊ ၇-၅ ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခဲ့သည်။ ပြိုင်ဘက်အိုဆာကာက အဆိုပါအဆင့်တွင် ဆွစ်ဇာလန်တင်းနစ်မယ် ဘင်းဆစ်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ၄-၆၊ ၆-၃၊ ၆-၄ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခြင်း ဖြစ်သည်။

အောင်ဇော်