မီးလောင်မှုဖြစ်ပေါ်ခဲ့သည့် ရတနာပုံစျေးအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်

မန္တလေး ၁၈ ဇန်နဝါရီ 

 

မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ရတနာပုံစျေး မီးလောင်မှုအား လက်ရှိအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ်၍ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ခေတ္တ၀န်ကြီးချုပ် ဦးဇာနည်အောင်က စျေးသူ၊ စျေးသားများနှင့် တွေ့ဆုံပြောကြားခဲ့သည်။

 

4

 

အဆိုပါ ရတနာပုံစျေးတွင် ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီ ၁၀ မိနစ်မှစ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဇန်နဝါရီ ၁၈ ရက် နံနက် ၂ နာရီ ၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီကျော်ခန့်တွင် အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ကာ ယနေ့မွန်းလွဲ ၁ နာရီမှစ၍ ညနေ ၅ နာရီအထိ ဆိုင်ခန်းရှင်များအား ၎င်းတို့ဆိုင်ခန်းများကို ၀င်ရောက်ကြည့်ရှုခွင့်ပေးခဲ့ကြောင်း သိရသည်။ 

 

“ဒီစျေးကြီး အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးက စျေးသူ၊ စျေးသားတွေရဲ့ ဘဝဖြစ်တယ်။ ဒါကြောင့် အမြန်ဆုံး ပြန်ဖွင့်နိုင်အောင် ဆောင်ရွက်သွားမယ်။ မီးဘေးဒဏ်ကြောင့် အဆောက်အဦရဲ့ ကြံ့ခိုင်ရေး ကျဆင်းမသွားအောင် သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့တွေ အခုပဲလိုအပ်တာတွေ စတင်လုပ်ဆောင်နေပါတယ်။ တိုင်တွေ၊ ထုပ်တန်းတွေနဲ့ ကြမ်းခင်းတွေမှာ အပူချိန်တွေရှိနေတဲ့အတွက် အပူချိန်က မြင့်တက်နေဆဲဖြစ်ပါတယ်။ ဒါတွေက ကြာလာရင် အဆောက်အဦရဲ့ကြံ့ခိုင်ရေးကို ထိခိုက်စေနိုင်လို့ အင်ဂျင်နီယာအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေက လိုအပ်တာတွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ဆိုင်ခန်းရှင်တွေရဲ့ပစ္စည်းတွေ မပျောက်အောင်လည်း လုပ်ဆောင်နေပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ခေတ္တ၀န်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

 

+9

 

ထို့ပြင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းကလည်း “မီးလောင်တဲ့အနေအထားက ပထမထပ်တစ်ခုလုံး လောင်သွားတယ်။ ကျန်တဲ့အထပ်တွေတော့ မီးလောင်ကျွမ်းခြင်း မရှိဘူး။ အပူချိန်ကတော့ ရှိနေဆဲပါ။ ဒါကိုလျှော့ချနိုင်ဖို့ မီးသတ်က ဆောင်ရွက်နေတယ်။ ဒါ့အပြင် ရှင်းလင်းရေး ကော်မတီဖွဲ့စည်းပြီး အရေးကြီးတဲ့ပစ္စည်းတွေ သယ်ယူနိုင်အောင် ဆောင်ရွက်နေပါတယ်။ လုံခြုံရေးအနေနဲ့ကလည်း မနေ့ညကတည်းက တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူမှုရေးအဖွဲ့အစည်းတွေ အားလုံးပူးပေါင်းပြီး တစ်ညလုံးဆောင်ရွက်လျက် ရှိပါတယ်။ ဒီအဆောက်အဦကြီးကို အားလုံးရှင်းလင်းပြီးတဲ့အထိ ဆောင်ရွက်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

 

လက်ရှိတွင် ရတနာပုံစျေးရှိ ဆိုင်ခန်းရှင်များအနက် ရတနာမောလ်ရှိ ဆိုင်ခန်းရှင်များ၏ ပစ္စည်းများကို ယနေ့ မွန်းလွဲတစ်နာရီမှ ညနေ ၅ နာရီအတွင်း သယ်ယူခွင့်ပြုခဲ့ပြီး ကျန်စျေးသူ၊ စျေးသားများ၏ ပစ္စည်းများကို ၀င်ရောက်ကြည့်ရှုခွင့်ပြုခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၀င် ဦးကျော်ဆန်းမြင့်က ပြောသည်။ 

 

“ကျွန်တော်တို့ ရတနာမောလ်မှာ ဖွင့်လှစ်တဲ့ ဆိုင်ခန်းရှင်တွေရဲ့ ပစ္စည်းတွေကိုတော့ ဒီနေ့မှာ သယ်ယူခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဆိုင်ခန်းတွေနဲ့ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှု မရှိပေမယ့် အခုချိန်ထိတော့ အထဲမှာ အရမ်းပူနေသေးတယ်။ ကျွန်တော်အခုပစ္စည်းတွေ အားလုံးကို သယ်ယူနိုင်ခဲ့ပါတယ်။ အခုလိုသယ်ယူခွင့်ပေးတဲ့အတွက်လည်း တာ၀န်ရှိသူအားလုံးကို ကျေးဇူးတင်ပါ”ဟု မန္တလေး ရတနာမောလ်တွင် ဟိန်းလေး ကျောက်မျက်ရတနာ အရောင်းဆိုင်ပိုင်ရှင် ကိုဟိန်းလေးက ပြောသည်။

 

ဆက်လက်၍ ရတနာပုံမီးလောင်မှုဖြစ်ပွားသည့်နေရာသို့ သွားရောက်ကူညီပေးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစိုးလှိုင်၀င်းကလည်း “မီးလောင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကြက်ခြေနီတပ်ဖွဲ့ အင်အား ၁၂၀၊ လူနာတင်ယာဉ် ၁၁ စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးနဲ့ ပါ၀င်ကူညီခဲ့ပြီး အထဲမှာပိတ်မိနေတဲ့ လူအယောက် ၂၀ ကို ခက်ခက်ခဲခဲ ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြုတ်ကျဒဏ်ရာရတဲ့ မီးသတ်တပ်ဖွဲ့၀င်နှစ်ဦးကို ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့သလို မီးခိုးငွေ့မွှန်လို့ မူးမော်ခဲ့သူတွေနဲ့ သံပြားရှသူတွေကို ရှေးဦးသူ နာပြုစုနည်းနဲ့ ပြုစုပေးခဲ့ပါတယ်”ဟု ပြောသည်။

 

69

 

မီးလောင်မှုဖြစ်ပွားခဲ့သည့် ရတနာပုံစျေး (Sky Walk) မန္တလေး ရတနာမောလ် မီးလောင်မှုတွင် မန္တလေးမြို့ပေါ် မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၈၂ စီး၊ ရေသယ်ယာဉ် ၅၀ စီး၊ မီးသတ်စက်ယာဉ် ၁၄ စီး၊ အထောက်အကူပြုယာဉ် ၂၁ စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ အထပ်မြင့်မီးသတ်ယာဉ် ၇ စီး၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် သုံးစီး၊ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် ခုနစ်စီး၊ စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ် နှစ်စီး၊ ဗဟိုမီးသတ် သင်တန်းကျောင်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး စုစုပေါင်း မီးသတ်ယာဉ် ၁၉၄ စီး၊ အုပ်ချုပ်မှု ယာဉ်လေးစီး၊ အသက်ရှုကိရိယာ ၅၀ လုံး၊ မီးခိုးမှုတ်စက် ခြောက်လုံး၊ Engine Cutter ၁၀ လုံး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ရေသယ်ယာဉ် ၁၀ စီး၊ မြေတူးစက် လေးစီးတို့ဖြင့် သန္ဓေမီးသတ် ၂၅၀ ဦး၊ အရံမီးသတ် ၅၀၀ ဦး၊ စည်ပင်၀န်ထမ်း ၅၀ ဦး၊ တပ်မတော်သား  ၂၃၀ ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င် ၂၅၀ ဦးတို့ဖြင့် ပူးပေါင်းငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စိစစ်စုံစမ်းဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)