မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှုများ မြရည်နန္ဒာဈေးတွင် ဆောင်ရွက်

မန္တလေး ၆  မတ်

 

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီမှူး၏ လမ်းညွှန်မှုဖြင့် မန္တလေး ခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မတ် ၅ ရက် နံနက် ၁၀ နာရီခွဲက ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာရပ်ကွက် ၄၉ လမ်း မဉ္ဇူလမ်းရှိ မြရည်နန္ဒာဈေးတွင် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ သရုပ်ပြလေ့ကျင့်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူးဦးသန်းဇော်ဦး၊ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်း၊ မန္တလေး ခုနှစ်မြို့နယ် မီးသတ်ဦးစီးမှူးများ၊ မန္တလေးခရိုင် အရန်မီးသတ် ကြီးကြပ်ရေးကော်မတီ၊ ဈေးစည်ပင်သာယာရေးကော်မတီတို့ နှင့် ဈေးအကျိုးဆောင်များ၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၁၀ ဦးတို့နှင့် ဈေးသူဈေးသားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဦးသန်းဇော်ဦးက သရုပ်ပြလေ့ကျင့်ရေး ဆောင်ရွက်ကြမည့် မီးသတ်တပ်ဖွဲ့ဝင်များကို လမ်းညွှန် အမှာစကားပြောကြားပြီး ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူးက လေ့ကျင့်သရုပ်ပြဆောင်ရွက်မည့် အစီအစဉ်များကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြ၍ မီးသတ်တပ်ဖွဲ့ဝင်များက Level 2 အဆင့် မီးလောင်မှုအား မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြိမ်းသတ်ခြင်းကို သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)