မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ၂၁ စက်တင်ဘာ 


မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗညားဒလလမ်းရှိ စရီဘူသ်နာထ် မဟာဒေဝ် ဘုရားကျောင်း၌ ကျင်းပသည်။


အခမ်းအနားတွင် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ လယ်တွင်းသား စောချစ်နှင့် မင်းကိုနိုင်တို့က မဟတ္တမဂန္ဒီ၏ ဝါဒနှင့် ကျင့်စဉ်များကို ဟောပြောကြပြီး ABE မှ Country Manager Mr. Suren Verma က “မဟတ္တမဂန္ဒီနှင့် တစ်သက်တာပညာ”၊ ရေနံချောင်း ဒီဂရီကောလိပ် မြန်မာစာဌာနမှူး ပါမောက္ခဒေါက်တာ သန်းဝင်း (မောင်သန်းဝင်း၊ ရန်ကုန်တက္ကသိုလ်)က “ငြိမ်းချမ်းရေးဗိသုကာဂန္ဒီဝါဒ”နှင့် အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးများကွန်ရက်မှ ဒေါ်ကက်သလင်းသိန်း @ Kalpana Kumari က “အကြမ်းမဖက်ဝါဒ၏ ပဲ့ကိုင်ရှင်” ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ကြားကြသည်။


အဆိုပါ အခမ်းအနားသို့ မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြသည်။


မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ လက်ဝှေ့အားကစားရုံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း- ရီရီမြင့်၊ ဓာတ်ပုံ- လှမိုး