မဟာသင်္ကြန် ကာလအတွင်း ကချင်ပြည်နယ်၏ အစည်ကားဆုံး နမ္မတီး(ချောင်းသာ) ကမ်းခြေတွင် ဒီဂျေရှိုးဖြင့် ဖျော်ဖြေမည်

နမ္မတီး ၆  မတ် 

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ (နမ္မတီးချောင်းသာ)ကမ်းခြေတွင် နှစ်သစ်ကူး မဟာသင်္ကြန် ကာလအတွင်း ရပ်ဝေး ရပ်နီးမှ အပန်းဖြေ အနားယူရေကစားသူများအတွက်  အထူး အစီအစဉ် အဖြစ် ဒီဂျေရှိုး၊ ခေတ်ပေါ်တေးဂီတ၊ ဟက်ပီးဝေါလ်၊ ရဟတ်များနှင့် ကစားစရာများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း နမ္မတီး(ချောင်းသာ)ကမ်းခြေ မဟာသင်္ကြန် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။ 

 

 

မိုးကောင်းမြို့နယ် နမ္မတီးမြို့ နမ္မတီး(ချောင်းသာ)အပန်းဖြေ ကမ်းခြေတွင် နှစ်စဉ် ကျင်းပလျက်ရှိသည့် မဟာသင်္ကြန် ကာလအတွင်း အပန်းဖြေ အနားယူသူများ အနယ်နယ် အရပ်ရပ်မှ သိန်းနှင့်ချီ၍ လာရောက်ကြရာ သင်္ကြန်ရေကစားကြသူများ ဆိုင်ခန်းရောင်းချသူများ လုံခြုံဘေးကင်းစွာ စည်းကမ်းစနစ်တကျ အပန်းဖြေ အနားယူနိုင်ရေး၊ ချောင်းရေကြည်လင် သန့်ရှင်းစေရေး အမှိုက်သရိုက်နှင့် ဆူးညှောင့်ခလုပ်များ ကင်းဝေးစေရေးများအတွက် တာဝန်ရှိသူများမှ ချောင်းသန့်ရှင်းရေးများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)