မဟာမုနိဘုရားကြီးမှ မြန်မာ့လက်မှုအနုပညာပစ္စည်းများ ပြခန်း

မန္တလေး ၉ သြဂုတ်

 

မန္တလေးမြို့၊ မဟာမုနိဘုရားကြီးတွင် မကြာသေးမီကာလအတွင်း မြန်မာ့လက်မှု အနုပညာပစ္စည်းများ ပြခန်းကို ဖွင့်လှစ်ပြသခဲ့သည်။ ပြခန်းအတွင်း ဝင်လိုက်သည်နှင့် ဂေါတမမြတ်စွာဘုရား ပဉ္စဝဂ္ဂီ ငါးဦးတို့အား တရားဦး ဓမ္မစကြာ ဟောကြားနေဟန် သရုပ်ဖော် ရုပ်တုပြကွက်ကို အရင်ဆုံး မြင်တွေ့ရမည် ဖြစ်သည်။

 

ဆက်လက်၍ ပြခန်းထဲတွင် ငွေထည်ပြကွက်၊ ကြေးထည်ပြကွက်၊ ပန်းထိမ်ပြကွက်၊ တံခွန်တိုင် အမျိုးမျိုးပြကွက်၊ မြန်မာ့ဓားအမျိုးမျိုးပြကွက်၊ ယွန်းထည်ပြကွက်၊ ဆင်းတုတော်အမျိုးမျိုးပြကွက်၊ ဓာတ်တော်များပြကွက်၊ သစ်ကနက်စေတီနှင့် ၁၂၈၀ပြည့်နှစ် (ခရစ်နှစ် ၁၉၁၈)ခုနှစ်တွင် တင်လှူပူဇော်ခဲ့သည့် အလှူရှင်ရပ်စောက် မဟာရာဇာစော်ဘွားကြီးနှင့် မဟာဒေဝီတို့ လှူဒါန်းခဲ့သည့် ရွှေထီးတော်အား ကြည့်ရှုဖူးမြော်လေ့လာနိုင်သည်။

 

ထို့အပြင် ရှေးခေတ်က အသုံးပြုခဲ့သည့် မင်္ဂလာဆွမ်းအုပ်ကြီး နှစ်လုံးကိုလည်း တွေ့ရှိနိုင်သည်။ အဆိုပါမင်္ဂလာဆွမ်းအုပ်ကြီး နှစ်ခုအပေါ် ပဉ္စမဆင့်နှင့် ဆဋ္ဌမဆင့် အနားရစ်ပတ်လည်တွင် စာများ ရေးထိုးထားသည်ကို ဖတ်ရှုလေ့လာနိုင်သည်။

 

အဆိုပါစာသားမှာ "ထီးလှိုင်ရှင်ကျန်စစ်မင်းကြီးသည် နန္ဒမူလိုဏ်ဂူပုံစံ၏အတု၊ ၎င်းလိုဏ်ဂူအတွင်းတော်နှိုက် အလောင်းတော် သိဒ္ဓတ္ထကုမာရမင်းသား ဖွားတော်မူစဉ်ကစ၍ ပရိနိဗ္ဗာန် စံတော်မူသည့်တိုင်အောင်၊ ကျောက်ရုပ်ဆင်းတု ထုလုပ်ပြီးလျှင် ကုသိုလ်တော်ပြုလိုကြောင်း၊ အရှင်အရဟံ ရဟန္တာသူမြတ်ကို လျှောက်ထား တောင်းပန်ရာ ကောင်းပြီးဟု ဝန်ခံ၍ ဒါယိကာ ကျန်စစ်မင်းကြီး၏ ကောင်းမှုတော်ကို ပုရန်ပျံ လေးယောက်နှင့်တကွ ရဟန္တာအရှင်မြတ်တို့ နာယက အကြီးထားတော်မူ၍ ထီးလှိုင်ရှင်မင်းမြတ်သည် သက္ကရာဇ် ၄၅၄ ခုနှစ်က နန်းစံ၍ တည်ထားတော်မူသော အာနန္ဒာစေတီတော်ကြီး၏ ဂန္ဓကုဋိတိုက်တော် အတွင်း၌ အလောင်းတော်မြတ် ဖွားတော်မူရာသည်ကစ၍ ပရိနိဗ္ဗာန် စံတော်မူသည့်တိုင်အောင် ဗုဒ္ဓဝင် မဟာဇာတ်တော်ကြီးကို ကျောက်ရုပ်တုဆင်းတု ထုလုပ် ပြုပြင်စီမံထားတော်မူသော ကျန်စစ်မင်းကြီး၏ ကုသိုလ်တော်တည်၌ရှိသော ပုံစံအတိုင်းကူးယူ၍ ပုဂံမြို့၊ ကျောက်မှော်ရပ်နေ ကျောက်ဆရာကြီး ဦးရွှေတုတ်စီမန်ပြီးလျှင် သက္ကရာဇ် ၁၂၆၇ ခု နယုန်လဆန်း ၅ ရက်နေ့ကစ၍ လုပ်ကိုင်ရာ ၁၂၇၀ ခု၊ ပြာသိုလဆန်း ၅ ရက်မှ အပြီးသို့ ရောက်အောင် လုပ်ကိုင်နိုင်သော  (မင်္ဂလာရှိသော မဟာအုပ်တော်ကြီး) မဇ္ဈိမဒေသသီဟစုနှင့် သုဓ္မပူရနိုင်ငံ အစည်အလျှည်သဖြင့် နေဝန်းပွင့်သို့ ရှင်ပင်သာသနာ တည်ထွန်းရာဖြစ်သော ပုဂံပြည်ကြီးတွင် ဘုန်းမီးတေဇမင်းဥက္ကာသို့ စြင်္ကံစိုးပိုင်ရာ နံမျိုးနိုင်သော ထီးလှိုင်ရှင် ကျန်းစစ်မင်းတရားသည် တည်ထားတော်မူခဲ့သော အာနန္ဒာ စေတီတော်ကြီး၏ အထ္ထုပတ္တိကို ကျွနု်ပ်တို့ မြမ္မာပြည်သားနှင့် နိုင်ငံခြားမင်းအများတို့  သိရှိတော်မူနိုင်ကြစေရန် ဘုရားလိုဏ်ဂူတော်၌ တည်ရှိသော ဗုဒ္ဓဝင် မဟာဇာတ်တော်ကြီးကို ပုံသ္ဌာန်ကူးယူ၍” ဟု ရှေးခေတ် မြန်မာစာ ရေးသားနည်းများအတိုင်း ပါရှိသည်ဟု သိရလေသည်။

 

ထို့အတူ အခြားသော ပြကွက်များတွင်လည်း အကြောင်းအရာအလိုက် ရေးသား တင်ပြထားသည်များကိုလည်း လေ့လာဖတ်ရှု မှတ်သားနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

 

ဧရာဝတီသား