မဟာမြတ်မုနိရုပ်ရှင်တော်မြတ် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲတွင် လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ

မန္တလေး ၁၀ နိုဝင်ဘာ

 

မဟာမြတ်မုနိရုပ်ရှင်တော်မြတ်အား မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲကို ချမ်းမြသာစည်မြို့နယ် မဟာမြတ်မုနိဘုရားကြီး ရင်ပြင်တော်တွင် နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက စတင်ကျင်းပရာ လာရောက်ကြည့်ရှုသူ ပြည်တွင်းပြည်ပခရီးသွားများဖြင့် စည်ကားလျက်ရှိသည်။

 

“ ပြင်သစ်ကနေ မိသားစုဝင်တွေနဲ့အတူလာတာပါ။ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေနဲ့ ဘုရားမှာ ရှင်ပြုပွဲတွေ၊ သင်္ကန်းရက်လုပ်ပွဲတွေ တစ်ပေါင်းတစ်စည်းတည်းမြင်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တာ  ပထမဆုံးပါ။ မြန်မာလူမျိုးတွေက ပျူငှာပြီး သဘောကောင်းကြတယ်။ အဲဒါသဘောအကျဆုံးပါ။ မြန်မာလူမျိုးတွေက ပေးကမ်းကြတာ မျှဝေကြတာကို နှစ်သက်ကြတယ်။ နိုင်ငံခြားသားတွေအပေါ်မှာလည်း အရမ်းဖော်ရွေတယ်။” ဟု ပြင်သစ်နိုင်ငံသား Pascalက ပြောသည်။

 

ရက်လုပ်ပူဇော်သည့် မသိုးသင်္ကန်းအတိုင်းအတာများမှာ ဧကသီသင်္ကန်းတော်တွင် အလျား ၁၈တောင်၊ အနံ ၁၆တောင်ရှိပြီး အုတ်ကွက်တော် ၅၈၉ကွက်၊ အခန်း ၃၁ခန်းပါဝင်ကြောင်း၊ သင်းပိုင် သင်္ကန်းတော်မှာ အလျား ၈တောင်၊ အနံ ၅တောင်ရှိကြောင်းနှင့် တဘက်တော်မှာ အလျား ၇ပေ ၆လက်မ၊ အနံ ၃ပေရက်လုပ်သည်။ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွင် ရေကြည်ပေါက်ကျေးရွာ၊ အုန်းတောကျေးရွာ၊ အင်းလေးဒေသတို့မှ ရက်ကန်းပညာရှင်အဖွဲ့၊ ကိုးလုံးတကာ စက်ချုပ်ပညာရှင်အဖွဲ့တို့က လုပ်အားဒါနပြုကြပြီး နိုဝင်ဘာ ၁၁ရက် နံနက် ၅နာရီခွဲတွင် မသိုးသင်္ကန်းတော်မြတ်ကို မဟာမြတ်မုနိရင်ပြင် မဏ္ဍပ်မှစ၍ ကျောင်းတော်ကြီးအား လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်ကာ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်အား ကပ်လှူပူဇော်မည် ဖြစ်ကြောင်း သိရသည်။

 

“ အကြိမ် (၃၀)မှာ ရက်လုပ်ပူဇော်လာခဲ့တာ (၂၅)ကြိမ်ရှိပါပြီ။ သင်္ကန်းကိုတော့ ဘုရားအတွက်ပဲ မသိုးသင်္ကန်း သီးသန့်ရက်လုပ်ပေးတာပါ။ အိမ်မှာ အမြဲတမ်းရက်လုပ်တာ မဟုတ်ပါဘူး။ ရက်ကန်းခတ်တဲ့အခါမှာ အလှည့်ကျခတ်ကြတယ်။ လက်ရက်ကန်းအမွေဆက်ခံမယ့် မျိုးဆက်သစ်လူငယ်တွေ နည်းလာတယ်။ စက်ရက်ကန်းတွေနဲ့ ရက်လုပ်တာတွေ များလာတယ်။ ရိုးရာအမွေကို ထိန်းသိမ်းပြီး ရိုးရာမပြတ်ရက်လုပ်ပူဇော်သွားမှာပါ” ဟု လုပ်အားလှူဒါန်းသည့် အဖွဲ့မှ ဒေါ်ကြူကြူက ပြောသည်။

 

မဟာမြတ်မုနိဘုရားကြီး ရင်ပြင်တော်တွင် ရက်ကန်းစင်တော် ၆စင်ဖြင့် သင်္ကန်းတော်ရက်လုပ်ခြင်း၊ သင်္ကန်းတော်ချုပ်ခြင်းတို့ကို ညတွင်းချင်းအပြီး မသိုးသင်္ကန်းတော်ကို ရက်လုပ်ပြီး တန်ဆောင်မုန်းလပြည့်ည၌ အပြည့်လွှမ်းခြုံကပ်လှူပူဇော်ခြင်းဖြင့် ၃ရက်တိုင်တိုင် ပူဇော်သွားမည်ဖြစ်ကြောင်း၊ မသိုးသင်္ကန်း အဆင့်ဆင့်ရက်လုပ်ပူဇော်ခြင်းကို ရဟန်းရှင်လူ အများပြည်သူတို့ ကြည်ညိုနိုင်ရန် ညပိုင်းတွင် စောင်းတန်းတံခါးများ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေသင်္ကန်းဆက်ကပ်ခြင်းများကို ရပ်နားမည် ဖြစ်ကြောင်းနှင့် တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ အရုဏ်တက်ချိန် ရေတော်ဆရာတော်က မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို မျက်နှာသစ်တော်ရေ ဆက်ကပ်၍ မသိုးသင်္ကန်းသိမ်းသည့် အချိန်မှစ၍ ရွှေသင်္ကန်း ပြန်လည် ဆက်ကပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

တင်ဇာလှိုင် (ပြန်/ဆက်)

 

sde