MFF/MNL Awards Night ဒီဇင်ဘာ ၂၇ ရက် ကျင်းပမည်

၂၃ ဒီဇင်ဘာ 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ပူးပေါင်းကျင်းပမည့် ၂၀၁၉ ရာသီ MFF/MNL Awards Night ကို ဒီဇင်ဘာ ၂၇ ရက် ညပိုင်းတွင် သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ပြည်တွင်းပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများ၊ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့် ပြိုင်ပွဲများတွင်အောင်မြင်မှုရခဲ့သည့် လက်ရွေးစင်နှင့် သက်တမ်းအလိုက်လူငယ်လက်ရွေးစင်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကျင်းပသည့် MNL နှင့် MNL-2 လိဂ်ပြိုင်ပွဲအသီးသီးနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများ၊ ၂၀၁၉ ခုနှစ်၏ တစ်နှစ်တာ အကောင်းဆုံးကစားသမား အမျိုးသားဆုနှင့် အမျိုးသမီးဆု၊ လူငယ်အကောင်းဆုံး ကစားသမားအမျိုးသားဆုနှင့် အမျိုးသမီးဆု၊ နည်းပြဆု၊ အကောင်းဆုံးဒိုင်လူကြီးဆုများ ရွေးချယ်ချီးမြင့်မည်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီကို ထောက်ပံ့ပေးနေသည့် ကုမ္ပဏီများကိုလည်း အမှတ်တရလက်ဆောင်များ ချီးမြင့်မည်ဖြစ်သည်။

 

၂၀၁၉ ရာသီ ပြည်တွင်းပြိုင်ပွဲများအနက် MNL အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၊ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် MFF Youth အသင်း၊ MNL ယူ-၁၉ အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ချင်းယူနိုက်တက်အသင်း၊ ယူ-၂၀ အမှတ်ပေးပြိုင်ပွဲတွင် မြဝတီအသင်း၊ ယူ-၁၈ အမှတ်ပေးပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်းတို့ဗိုလ်စွဲခဲ့သည်။

 

၂၀၁၈ ရာသီအတွက် ချီးမြင့်သည့် အကောင်းဆုံးဆုများအနက် အကောင်းဆုံးကစားသမား အမျိုးသားဆုကို မောင်မောင်လွင် (ရန်ကုန်)၊ အမျိုးသမီးဆုကို ခင်မာလာထွန်း (အား/ကာသိပ္ပံ)၊ အကောင်းဆုံးလူငယ်ကစားသမား အမျိုးသားဆုကို လွင်မိုးအောင် (အား/ကာသိပ္ပံ/ဧရာဝတီ)၊ အမျိုးသမီးဆုကို မြတ်နိုးခင် (YREO)၊ အကောင်းဆုံးနည်းပြဆုကို ဦးမျိုးမင်းထွန်း (ရန်ကုန်) တို့က ရရှိခဲ့သည်။ 

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၁၉ ရာသီအတွက် အကောင်းဆုံးဆုပေးပွဲကို ရာသီသစ်မစမီ ယခုနှစ်မကုန်မီ ချီးမြှင့်ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်