MFF ယူ-၁၄ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

၁၈  နိုဝင်ဘာ 

မျိုးဆက်သစ် ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေး ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသည့်  MFF 100 Plus Cup Boy's ယူ-၁၄ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းကျင်းပသည့်ပွဲတွင် ရှမ်းတောင်အသင်းက ပဲခူးအသင်းကို သုံးဂိုး-ဂိုးမရှိ၊ ဧရာဝတီအသင်းက နေပြည်တော်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် နှစ်ပွဲဆက်အနိုင်ရခဲ့ခြင်းဖြစ်ပြီး အဖွင့်ပွဲတွင် အရေးနိမ့်ထားသည့် ရှမ်းတောင်အသင်းမှာမူ နိုင်ပွဲပြန်ရခဲ့သည်။ အုပ်စုပထမပွဲတွင် အနိုင်ရခဲ့သည့် ပဲခူးအသင်းမှာမူ နိုင်ပွဲဆက်မည့်အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ညနေပိုင်းကျင်းပသည့်ပွဲများတွင် ရှမ်းအရှေ့အသင်းက မကွေးအသင်းကို သုံးဂိုး-နှစ်ဂိုး၊ ကယားအသင်းက ရှမ်းမြောက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ပြိုင်ပွဲစတုတ္ထနေ့ကို နိုဝင်ဘာ ၁၉ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး နံနက် ၈ နာရီတွင် တနင်္သာရီအသင်းနှင့် ရခိုင်အသင်း၊ ကရင်အသင်းနှင့် စစ်ကိုင်းအသင်း၊ ညနေ ၄ နာရီတွင်မွန်အသင်းနှင့် ချင်းအသင်း၊ ရန်ကုန်အသင်းနှင့် ကချင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း-ရဲရင့်ရှိုင်း