MFF ယူ-၁၂ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ ယနေ့ စတင်ကျင်းပမည်

mdn

၁၈ အောက်တိုဘာ

 

၂၀၁၉ MFF ယူ-၁၂ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၉ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး အသင်းစုစုပေါင်း ၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး လူငယ်မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်လာရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

အုပ်စုပွဲစဉ်များကို အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ ၂၉ ရက်၊ ဗိုလ်လုပွဲကို အောက်တိုဘာ ၃၁ ရက်တွင် သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စုလေးခုခွဲ၍ ကျင်းပမည် ဖြစ်ပြီး အုပ်စု (က) တွင် မကွေး၊ ရှမ်းတောင်၊ တနင်္သာရီ၊ ကယား၊ မန္တလေး၊ အုပ်စု (ခ) တွင် ရှမ်းအရှေ့၊ မွန်၊ နေပြည်တော်၊ ကရင်၊ အုပ်စု (ဂ) တွင် ပဲခူး၊ ရခိုင်၊ ရှမ်းမြောက်၊ ချင်း၊ အုပ်စု (ဃ) တွင် ကချင်၊ ဧရာဝတီ၊ စစ်ကိုင်းနှင့် ရန်ကုန်အသင်းတို့ ပါဝင်နေသည်။

 

ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၉ ရက် နံနက် ၈ နာရီ တွင် ကျင်းပမည်ဖြစ်ပြီး  အုပ်စုပထမနေ့အဖြစ်  နံနက် ၈ နာရီခွဲတွင် တနင်္သာရီအသင်းနှင့် ကယားအသင်း၊ ရှမ်းတောင်အသင်းနှင့် မန္တလေးအသင်း၊  ညနေ ၄ နာရီတွင် ပဲခူးအသင်းနှင့် ချင်းအသင်း၊ ရခိုင်အသင်းနှင့် ရှမ်းမြောက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း