MFF ချာရတီဖလားပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် YUSC ကွင်း၌ ကျင်းပမည်

ရန်ကုန် ၃၀ ဒီဇင်ဘာ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၀ ရာသီ ချာရတီဖလားပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် YUSC ကွင်း၌ ကျင်းပမည်ဖြစ်ပြီး အမှတ်ပေးချန်ပီယံရှမ်းယူနိုက်တက်အသင်းနှင့် ရှုံးထွက်ချန်ပီယံ ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ချာရတီဖလားပြိုင်ပွဲကို ၂၀၂၀ ခုနှစ်တွင် ကိုးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခင်က အောင်ဆန်းကွင်း၌သာ ကျင်းပခဲ့သော်လည်း အကြီးစားပြန်လည်ပြုပြင်ရန် သက်ဆိုင်ရာထံ ပြန်လည်အပ်နှံထားသောကြောင့် ကွင်းအခက်အခဲဖြစ်ပေါ်ကာ ရန်ကုန်အသင်း၏ အိမ်ကွင်းဖြစ်သည့် YUSC ကွင်း၌ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းပွဲကို ညနေ ၃ နာရီခွဲတွင် စတင်ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၂ နာရီမှစတင်ကာ ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပမည်ဖြစ်သည်။

 

ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ မိနစ် ၉၀ တွင် သရေကျနေပါက အချိန်ပိုဆက်မကစားဘဲ ပယ်နယ်တီဖြင့် တိုက်ရိုက်ဆုံးဖြတ်မည်ဖြစ်သည်။ နိုင်ငံခြားသားကစားသမားကိုမူ ပွဲချိန်အတွင်း သုံးဦးသာ ကစားခွင့်ပြုမည်ဖြစ်ပြီး ကစားသမားငါးဦး လဲလှယ်အသုံးပြုခွင့်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယင်းပြိုင်ပွဲမှ ရရှိသည့် ကွင်းဝင်
ကြေးများ၊ ကလပ်အသင်းများမှ လှူဒါန်းသည့်အလှူငွေများကို လူမှုရေးအဖွဲ့အစည်းများနှင့် ပရဟိတအသင်းများသို့ လှူဒါန်းမည်ဖြစ်သည်။ ကွင်းဝင်ကြေးအဖြစ် အထူးတန်းကျပ် ၂၀၀၀၊ ရိုးရိုးတန်းကျပ် ၁၀၀၀ သတ်မှတ်ထားသည်။

 

ချာရတီဖလားပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ရန်ကုန်အသင်းက သုံးကြိမ်ဖြင့် အကြိမ်အများဆုံးဗိုလ်စွဲထားကာ ဧရာဝတီနှင့် ရှမ်းယူနိုက်တက်အသင်းက နှစ်ကြိမ်စီ၊ မကွေးအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်