မြေယာခွန်စည်းကြပ်ခြင်းနှင့် ခိုင်ကြေး

 

 

ညီညီမင်း(ထွေ/အုပ်)

ရှေးခေတ် မြေခွန်ကောက်ခံပုံ

မြန်မာနိုင်ငံတွင် မြေခွန်ကို ရှေးမြန်မာမင်းများလက်ထက်မှ စ၍ ကောက်ခံလာခဲ့ရာ မျက်မှောက်ကာလအထိ ကောက်ခံ နေဆဲဖြစ်သည်။   ရှေးဟောင်း   လူ့အဖွဲ့အစည်းများတွင် မြေခွန်အနေဖြင့်  စိုက်ပျိုးထွက်ရှိသည့်   သီးနှံ၏   အချိုး အစားတစ်ခုကို  အုပ်ချုပ်သူများသို့ ပေးကြရသည်။ ယနေ့ မြေခွန်ကောက်ခံမှုစနစ်တွင်လည်း     စိုက်ပျိုးထွက်ရှိလာ သည့် သီးနှံတန်ဖိုးမှ စိုက်ပျိုးမှုအတွက် ကုန်ကျစရိတ်တို့ကို နုတ်ကာ  ကျန်ရှိသည့်  အသားတင်  လက်ကျန်တန်ဖိုး သင့်တင့်သည့်   အချိုးတစ်ခုကို  မြေခွန်အဖြစ်  သတ်မှတ် ထားခြင်းဖြစ်သည်။  မြန်မာ့ လူ့အဖွဲ့အစည်းနှင့် တိုင်းသူ ပြည်သားများ၏ မိမိတို့ထွန်ယက်စိုက်ပျိုးသည့် အောင်မြင် ဖြစ်ထွန်းလာမည့် အနှံ၊ အသီး၊ အပွင့်၊ အခိုင်တို့မှ ဆယ်ဖို့ တစ်ဖို့ကို ပေးရသည့်နည်းတူ အခြားသော လူ့အဖွဲ့အစည်း များတွင်လည်း အောင်မြင်ဖြစ်ထွန်းလာသော ကောက်ပဲ သီးနှံများ၏   တစ်စုံတစ်ခုသော  အချိုးကို   မြေခွန်အဖြစ် အုပ်ချုပ်သူ  အရှင်ဘုရင်ထံ     ဆက်သရကြောင်း   တွေ့ရ ပါသည်။

ရှေးကျသည့် လူ့အဖွဲ့အစည်းများတွင် လူအားလုံး နီးနီးသည်  စိုက်ပျိုးခြင်းဖြင့်  အသက်မွေးဝမ်းကျောင်းပြု ခဲ့ကြသည်။ အုပ်ချုပ်သူများထံ ဆက်သရသည့် မြေခွန်မှာ ကောက်ပဲသီးနှံထွက်၍ သင့်လျော်ရာသတ်မှတ်ထားသည့်  အချိုးအစားတစ်ခုဖြစ်သည်။ မြန်မာ့ လူ့အဖွဲ့အစည်းတွင် လည်း  မြန်မာဘုရင်များ  ခေတ်အခါက ရွှေခွန်၊ ငွေခွန်၊ တောခွန်၊  ယာခွန်၊  ကိုင်းခွန်၊ ကင်းခွန်၊ သစ္စေးတော်ခွန်၊ တရားကွမ်းဘိုး၊  ဖရောင်းခွန်၊  သစ်သီးခွန်၊  အဘိုးတော် အခွန်တော်၊ စပါးအခွန်တော် စသဖြင့် အမျိုးမျိုးအထွေထွေ သော  အမည်များဖြင့်  သမုတ်ခေါ်ဝေါ်၍  အခွန်အမျိုးမျိုး ကို ကောက်ခံခဲ့သည်။  အင်္ဂလိပ် ကိုလိုနီခေတ်တွင်လည်း မြေခွန်တော်၊ ဆားခွန်၊ လူခွန်၊ အမြတ်တော်ခွန်၊ ဝင်ငွေခွန်၊ တံဆိပ်တော်ခွန်၊ ယစ်မျိုးခွန် စသည်ဖြင့် အခွန်အမျိုးမျိုးကို ကောက်ခံခဲ့ကြသည်။

ကိုလိုနီခေတ်က မြေခွန်

ကိုလိုနီခေတ်တွင်  မြေခွန်သည်  အင်္ဂလိပ်အစိုးရက ကောက်ခံသည့် အခွန်အကောက် အရပ်ရပ်တို့တွင် ထိပ်ဆုံး က ရပ်တည်ခဲ့သည့်  အခွန်အကောက်တစ်ရပ်ဖြစ်သည်။ ၁၉၃၉-၁၉၄၀ ပြည့်နှစ်တွင်  မြေခွန်ကောက်ခံရရှိငွေမှာ ကျပ်   ၅၁     သန်းခန့်ရှိရာ     အရပ်ရပ်ရရှိသည့်  စုစုပေါင်းအခွန်၏  သုံးပုံတစ်ပုံနီးနီး    ရှိခဲ့သည်။   ၁၉၈၅-၁၉၈၆   ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကောက်ခံရရှိသည့် အခွန်အကောက်  ငွေစုစုပေါင်းမှာ   ငွေကျပ် ၄၅၇၇  သန်းခန့်ဖြစ်ရာ    မြေခွန်မှ ရရှိငွေ  ၄၆  ဒသမ  ၉၄  သန်းခန့်သည်  အခွန်အကောက် အရပ်ရပ် စုစုပေါင်းရငွေ ၏ ၀ ဒသမ ၀၁ ရာခိုင်နှုန်းခန့်သာ ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကောက်ခံရရှိသည့် အခွန်အကောက် စုစုပေါင်းသည် ငွေကျပ် ၇၁၂၂၃၂၁ သန်းခန့်ဖြစ်ပြီး မြေခွန်မှရရှိငွေမှာ ငွေကျပ် ၄၄၂၄ ဒသမ ၆၃ သန်းခန့်ဖြစ်ရာ အခွန်အရပ်ရပ် စုစုပေါင်းရငွေ၏ ၀ ဒသမ ၀၆၂၁ ရာခိုင်နှုန်းခန့်သာဖြစ်ကြောင်း တွေ့ရှိရ သည်။

မြေမျိုးကြီးများ ခွဲခြားခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်    စာရင်းအင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များတွင်  မြေခွန်နှုန်းထားသတ်မှတ်ခြင်း နှင့် မြေခွန်စည်းကြပ်ခြင်းလုပ်ငန်းသည် ပင်မလုပ်ငန်းများ ဖြစ်ကြသည်။   မြေခွန်  သတ်မှတ်နိုင်ရန်အတွက် ၁၉၂၈ ခုနှစ် ကြေးတိုင်သွန်သင်ချက်(ကြေးတိုင်လုပ်ငန်းဆောင် ရွက်ခြင်း)အရ မြေမျိုးကြီး ခုနစ်မျိုး ခွဲခြားသတ်မှတ်သည်။  ယင်းမြေမျိုးကြီးများမှာ  လယ်မြေ(မိုးကောင်းသောက်)၊ လယ်မြေ(ဆည်ရေသောက်)၊  ယာမြေ၊ ကိုင်း/ကျွန်းမြေ၊ ဥယျာဉ်ခြံမြေ၊ ဥယျာဉ်ခြံမြေ(ဆည်ရေသောက်)နှင့် ဓနိမြေ တို့ ဖြစ်သည်။

မြေမျိုးကြီးများ သတ်မှတ်ခြင်းနှင့် မြေမျိုး အတန်း အစား  သတ်မှတ်ခြင်းကို  ကြေးတိုင်စိုက်ခြင်းဖြင့် ခွဲခြား ဆောင်ရွက်သည်။ ကြေးတိုင်သွန်သင်ချက်တွင် ညွှန်ကြား ချက်အရ ကြေးတိုင်လုပ်ငန်းဆောင်ရွက်ရာ၌ အခွန်တော် ရပ်ကွက်ခွဲခြားခြင်း၊ မြေမျိုးကြီး ခွဲခြားခြင်း၊ မြေမျိုးအတန်း အစားခွဲခြားခြင်း၊ သီးနှံအထွက်နှုန်း ရိတ်သိမ်းစစ်ဆေး ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ သီးနှံဈေးနှုန်း(တလင်းပေါက် ဈေးနှုန်း)စုံစမ်းစစ်ဆေးခြင်း၊  တစ်ဧက  သီးနှံစိုက်ပျိုးမှု ကုန်ကျစရိတ် မေးမြန်းစစ်ဆေးခြင်း၊ အသားတင် အကျိုး အမြတ် တွက်ချက်ခြင်း၊ ဓမ္မတာအထွက်နှုန်း သတ်မှတ် ခြင်းနှင့် မြေခွန်နှုန်းထားသတ်မှတ်ခြင်း လုပ်ငန်းစဉ်များကို အခြေခံ၍ မြေမျိုးအတန်းအစားများနှင့် အခွန်နှုန်းများကို စည်းကြပ်နိုင်ရန် သတ်မှတ်ဆောင်ရွက်သည်။

ကြေးတိုင်စိုက်ပြီး အခွန်ကောက်ခံခြင်း

ကြေးတိုင်သွန်သင်ချက်အရ ကြေးတိုင်စိုက်ပြီး ဒေသ များတွင် မြေမျိုးအတန်းအစား ခွဲခြားရာ၌ ရေမြေသဘာဝ၊ သီးနှံအထွက်နှုန်းနှင့်  အသားတင်  အကျိုးအမြတ်များ အပေါ် မူတည်၍ ခွဲခြားသတ်မှတ်ခြင်းဖြစ်ပြီး အများအား ဖြင့် လယ်မြေတွင် ပထမတန်း၊ ဒုတိယတန်းနှင့် တတိယ တန်းဟူ၍ လည်းကောင်း၊ ယာမြေတွင် ပထမတန်း၊ ဒုတိယ တန်းနှင့် တတိယတန်း ဟူ၍လည်းကောင်း သုံးမျိုး ခွဲခြား သတ်မှတ်သော်လည်း အချို့ဒေသများတွင် အဆင့်အတန်း လေးမျိုးမှ ခုနစ်မျိုးအထိ ခွဲခြားသတ်မှတ်သည်။ ထိုသို့ မြေမျိုးအဆင့်အတန်းအလိုက် စည်းကြပ်ရမည့် အခွန်နှုန်း များကိုလည်း ကြေးတိုင်ပြန်တမ်းဖြင့် ပြဋ္ဌာန်းသတ်မှတ် သည်။

ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ယခု လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ကြေးတိုင် လုပ်ငန်းဆောင်ရွက်၍ မြေခွန်နှုန်းသတ်မှတ်ပြီး ဒေသများ တွင် နောက်ဆုံးဆောင်ရွက်ခဲ့သည့် ကြေးတိုင်မှ သတ်မှတ် သော မြေခွန်နှုန်းထားများဖြင့် မြေခွန်စည်းကြပ်ခြင်းကိုဆောင်ရွက်လျက်ရှိသည်။ တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ဘဏ္ဍာရေးနှင့် အခွန်ဌာန၏ ၁၉၆၇ ခုနှစ် နိုဝင်ဘာ ၁၀ ရက် နေ့စွဲပါ  အမိန့်ကြေညာစာ  အမှတ်  (၄၂၅)ကို ထုတ်ပြန်၍ ကြေးတိုင်စိုက်ပြီးဒေသများ၌ ကြေး တိုင် မြေခွန်နှုန်းထားများဖြင့် ဆက်လက်စည်းကြပ်ရန်နှင့် ကြေးတိုင်မစိုက်ရသေးသည့် ဒေသများတွင် စပါးစိုက်ပျိုး ပါက တစ်ဧက ၁ ကျပ် ၅၀ ပြားနှုန်း၊ အခြားသီးနှံ စိုက်ပျိုး ပါက တစ်ဧက ၁ ကျပ်နှုန်းဖြင့် စည်းကြပ်ရန် ပြဋ္ဌာန်းခဲ့ သည်။ ကြေးတိုင်စိုက်၍ မြေခွန်နှုန်းထားများ သတ်မှတ်ခဲ့ သည့်  ခရိုင်ပေါင်း  ၃၆  ခုရှိသည်။  နောက်ဆုံး  ကြေးတိုင် စိုက်ခဲ့သည်မှာ မြောင်းမြခရိုင်ဖြစ်ပြီး ၁၉၃၈-၁၉၄၀ ပြည့် နှစ်တွင် ဖြစ်သည်။

မြေခွန်စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၁၈၇၆ ခုနှစ် မြေနှင့်အခွန်အက်ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ဆင့်ဆိုချက်များ၊ ၁၈၈၉ ခုနှစ်  အထက် မြန်မာနိုင်ငံ မြေနှင့် အခွန်စည်းမျဉ်းဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ဆင့်ဆိုချက်များပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက် ရပြီး လက်ရှိ ကောက်ခံလျက်ရှိသော မြေမျိုးကြီးအလိုက် ပျမ်းမျှ  တစ်ဧက  မြေခွန်စည်းကြပ်မှုများမှာ  ကြေးတိုင် စိုက်ပြီးဒေသတွင် အမြင့်ဆုံးနှုန်း တစ်ဧက ၉ ကျပ် ၇၅ ပြားခန့်မှ အနိမ့်ဆုံးဈေးနှုန်း တစ်ဧက ပျမ်းမျှ ၁ ကျပ် ၁၄ ပြားနှုန်းခန့်ဖြင့် စည်းကြပ်ကောက်ခံလျက်ရှိသည်။ ကြေး တိုင်စိုက်ပြီးဒေသတွင် အထူးသီးနှံဖြစ်သည့် ကြံ၊ ဆေး၊ ကြက်သွန်နှင့် ကွမ်းအတွက် တစ်ဧက မြေခွန်စည်းကြပ် နှုန်း ပျမ်းမျှ ၁၂ ကျပ် ၅၀ ပြားမှ အနိမ့်ဆုံးဈေးနှုန်း တစ်ဧက လျှင် ၃ ကျပ်နှုန်းဖြင့် မြေခွန် စည်းကြပ်ကောက်ခံလျက် ရှိသည်။

ဆိုရှယ်လစ်ခေတ် မြေခွန်ကောက်ခံခြင်း

၁၉၇၂ ခုနှစ် စနစ်သစ်အုပ်ချုပ်ရေးဖော်ဆောင်သည့် ကာလမှစ၍  ပြည်ထောင်စု  ဆိုရှယ်လစ်သမ္မတ  မြန်မာ နိုင်ငံတော် အစိုးရလက်ထက်တိုင်အောင် ပြည်တွင်းအခွန် များဦးစီးဌာနသို့  မြေခွန်စည်းကြပ်ခြင်း  စာရင်းများနှင့် မြေခွန်ပြေစာများကို  ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ပေးပို့ပါသည်။  ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ  မြန်မာ နိုင်ငံတော်အစိုးရလက်ထက်တွင်   နိုင်ငံတော်   ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရုံး၏ ၂၈-၂-၁၉၈၉ ရက်စွဲပါ စာအမှတ်၊  ၀၂၃/၁-၁/နဝတ   ဖြင့်  ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ရရှိသော မြေခွန်ပြေစာများကို ကျေးရွာအုပ်စု ပြည်သူ့ကောင်စီများ သို့ပေးပို့၍ ကျေးရွာပြည်သူ့ကောင်စီများမှတစ်ဆင့် မြေခွန် ကောက်ခံခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု   တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် မြေခွန်ကောက်ခံခြင်းလုပ်ငန်းကို ပြည်တွင်းအခွန်များဦးစီးဌာနထံမှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လွှဲပြောင်းရယူခဲ့သည်။ သို့ဖြစ်၍ ကြေးတိုင် နှင့်  မြေစာရင်းဦးစီးဌာနက  ပေးပို့သော  ပြေစာများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ခံ၍ ရပ်ကွက်/ကျေးရွာအုပ်စု   ငြိမ်ဝပ်ပိပြားမှု   တည်ဆောက်ရေးအဖွဲ့ များသို့  ဖြန့်ဝေပြီး  မြေခွန်ကို  ကောက်ခံစေလျက်ရှိသည်။ လက်ရှိအချိန်တွင် မြေခွန်စည်းကြပ်ခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ဆောင်ရွက်၍ မြေခွန် ကောက်ခံခြင်းကို   အထွေထွေအုပ်ချုပ်ရေး   ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကောက်ခံရရှိသည့် အခွန် ငွေများကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)၊ အပိုဒ်  ၁(ဂ)ပါ မြေယာခွန်ဟူသည့် ခေါင်းစဉ်ဖြင့် တိုင်း ဒေသကြီး/ ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းလျက်ရှိ သည်။

ခိုင်ကြေးဆိုသည်မှာ

တည်ဆဲမြေခွန်နှုန်းထားများအရ မြေခွန်စည်းကြပ် လျက်ရှိရာ စည်းကြပ်သည့်မြေခွန်ပေါ်တွင်   နောက်ထပ် ၁၀ ရာခိုင်နှုန်း ထပ်မံစည်းကြပ်သည့် ငွေကို ခိုင်ကြေးဟု ခေါ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ခိုင်ကြေးဆိုသည်မှာ အခွန်တော်ကောက်ခံပေးရသည့်အတွက် အချိုးကျရငွေ ဖြစ်ပြီး အခွန်တော်အပေါ်၌ ခိုင်ကြေးကိုရသည်ဟု ဆိုလို ပါသည်။ ၁၈၈၀ ပြည့်နှစ် ခရိုင် ခိုင်ကြေးအက်ဥပဒေ (The District Cesses Act,1880)  ပုဒ်မ(၁)အရ  မြူနီစီပယ် အက်ဥပဒေ  အာဏာသက်ရောက်သည့်  မြို့မြေ(Urban Area)များသည် ခိုင်ကြေးအက်ဥပဒေတွင် အကျုံးဝင်ခြင်း မရှိသဖြင့် မြူနီစီပယ်အက်ဥပဒေ အာဏာသက်ရောက် သည့် မြို့မြေ(Urban Area)များအတွင်း စည်းကြပ်သည့်  မြေခွန်ပေါ်တွင် ခိုင်ကြေးမထည့်သွင်းရကြောင်း လေ့လာ တွေ့ရှိရသည်။ ၁၉၄၇ ခုနှစ် အက်ဥပဒေ အမှတ်(၂၅)ဖြင့် ပြဋ္ဌာန်းထားသော ခရိုင်ခိုင်ကြေးအက်ဥပဒေကို ပြင်ဆင် သည့် အက်ဥပဒေ(The District Cesses Amendment Act,1947)အရ  အထက်မြန်မာနိုင်ငံတို့လည်း အကျုံးဝင် သည်ဟု   ဖော်ပြထားသည့်အတွက်   လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး အကျုံးဝင်ကြောင်း လေ့လာတွေ့ရှိ ရသည်။

ယခင်   ပြည်ထောင်စုမြန်မာနိုင်ငံ  ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၏ ၁၉၇၃ ခုနှစ် ဇူလိုင် ၃၀ ရက် စာအမှတ် (၁-၂/၄/အဒ-၂)ဖြင့် ခိုင်ကြေး(Cess)နှင့် ပတ်သက်သည့် အထွေ ထွေညွှန်ကြားချက်ကို  မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အုပ်ချုပ်ရေးမှူးများအားလုံးသို့ ညွှန်ကြားခဲ့သည်။ ယင်း ညွှန်ကြားချက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ သည် ယခင် ဒီစတြိတ်ကောင်စီနှင့် ခရိုင်ဝန်အုပ်ချုပ်သော ဒေသန္တရရန်ပုံငွေ   အဖွဲ့အစည်းဟောင်းများ    ကဲ့သို့ပင် ခိုင်ကြေး(Cess)များကို မိမိတို့နယ်နိမိတ်အလိုက် အချိုးကျ ရပိုင်ခွင့်ရှိကြောင်း ညွှန်ကြားထားသည်။

၁၉၇၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ လယ်ခွန်၊ မြေခွန်များ ပေးသွင်းသူတို့သည် အခွန်ကောက်လက်မှတ် တွင် ပါရှိသည့်အတိုင်း ငွေအားလုံးကို မြေခွန်များ တာဝန် ယူကောက်ခံရသည့်  ပြည်တွင်းအခွန်များဦးစီးဌာန၏ ရငွေစာရင်းတွင် ပေးသွင်းရပါမည်။ ပြည်တွင်းအခွန်များ ဦးစီးဌာန၏   ငွေထုတ်သူ   အရာရှိက   ထိုရငွေများကို သက်ဆိုင်ရာ အခွန်ငွေခေါင်းစဉ်အောက်တွင် စုစုပေါင်း စာရင်းချုပ်ဖြင့် သက်ဆိုင်ရာလကုန်ဆုံးသည့် နောက်လ လဆန်း ၇ ရက်ထက် နောက်မကျစေဘဲ တစ်လအတွင်း ကောက်ခံရရှိသည့်  အခွန်များအနက်  မြို့နယ်  စည်ပင် သာယာရေးအဖွဲ့သို့   ပြန်လည်ထုတ်ပေးရန်  ခိုင်ကြေး အားလုံးကို တွက်ချက်ပြီး သက်ဆိုင်ရာ မြို့နယ် စည်ပင် သာယာရေးအဖွဲ့သို့ ထုတ်ပေးရမည်ဟု အထက်ပါ ညွှန် ကြားချက်တွင် ဖော်ပြပါရှိသည်။

ယနေ့အချိန်အခါတွင်   မြေခွန်  ကောက်ခံခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိ သဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ မြေခွန်ကောက်ခံ ခြင်း တာဝန်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆောင်ရွက်ရမည်ဖြစ်သည်။ ငွေကို အထူးမျဉ်းသား   ချက် လက်မှတ်ဖြင့်   မြို့နယ်   စည်ပင်သာယာရေးအဖွဲ့ထံသို့ ထုတ်ပေးရန်ဟု ညွှန်ကြားထားပါသည်။ မြို့နယ်စည်ပင် သာယာရေးအဖွဲ့  အုပ်ချုပ်ရေးမှူးသည်  အထူးမျဉ်းသား ချက်လက်မှတ်ကို   လက်ခံရရှိကြောင်း   မိမိစာရင်းတွင် သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်ဖြစ်သော ၁-၁။ ပစ္စည်း ခွန်များ၊ ၁-၁။ အိမ်နှင့် မြေယာခွန်များဟု စာရင်းပြုစု၍ ရငွေစာရင်းသို့ပေးသွင်းရန် အထက်ပါညွှန်ကြားချက်တွင် ညွှန်ကြားထားရှိသည်။

အဆိုပါ ညွှန်ကြားချက်တွင်  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့သည် ခိုင်ကြေးကောက်ခံခြင်းနှင့် ပတ်သက်၍ မှန်ကန်ခြင်းရှိ/မရှိကို  မိမိ  ရသုံးမှန်းခြေ ငွေစာရင်းနှင့် နှိုင်းယှဉ်၍   ကောက်ခံရန်ပျက်ကွက်သည့်   ကိစ္စများနှင့် ကွဲလွဲချက်များကို   ရှာဖွေတွေ့ရှိနိုင်ရန်အတွက်   သုံးလ တစ်ကြိမ်   မြို့နယ်   ပြည်တွင်းအခွန်များ   ဦးစီးဌာနနှင့် စာရင်းဂဏန်းများညှိနှိုင်းရန် ဖော်ပြပါရှိသည်။

မြို့နယ်စည်ပင်သာယာ  နယ်နိမိတ်အတွင်းရှိသော မြို့မြေများမှ စိုက်ပျိုးမြေများကို ခိုင်ကြေး ကောက်ခံရန် မလိုကြောင်း၊ မြို့မြေငှားခ(Town Land Rent)၊ မြို့တွင်း မြေခွန်(Town Land Revenue)တို့ကိုလည်း   ခိုင်ကြေး ကောက်ခံရန်မလိုအပ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီး ဌာန၏ ညွှန်ကြားလွှာအမှတ် ၁/၇၃(မယ)ဖြင့် ညွှန်ကြား ထားပါသည်။

၁၈၈၀ ပြည့်နှစ် ခရိုင်ခိုင်ကြေး  အက်ဥပဒေပုဒ်မ(၄) တွင် အခွန်စည်းကြပ်ရာတွင် ကျသင့်သည့်အခွန်ပေါ်၌ ၁၀   ရာခိုင်နှုန်း   ထပ်ဆောင်း၍   ခိုင်ကြေးအဖြစ်   ထပ်မံ စည်းကြပ်ရမည်ဟု ဖော်ပြပါရှိသည်။

ယင်းညွှန်ကြားလွှာရှိ    ခိုင်ကြေး    တွက်ချက်ပုံမှာ ခိုင်ကြေးအပါအဝင် မြေခွန် ငွေကျပ်  ၁၁၀  ကောက်ခံရရှိ သည်။ ပထမအဆင့် ခိုင်ကြေးသည် (၁/၁၁x၁၁၀)=၁၀ကျပ် ဖြစ်ပါသည်။ ထိုဒေသအတွက် လုပ်အားခမှာ ၅ ရာခိုင်နှုန်း နှင့် ရှားပါးစရိတ် ၅ ရာခိုင်နှုန်းဖြစ်လျှင် ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသော  လုပ်အားခ  ၁  ကျပ်ကို  အထက်ပါ  ခိုင်ကြေး ၁၀ ကျပ်မှ နုတ်ပယ်ရပါမည်။ အသားတင်ခိုင်ကြေးသည် (၁၀-၁)=၉ကျပ် ဖြစ်ပါသည်။ ထို ၉ ကျပ်ကိုသာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ထုတ်ပေးရမည်ဖြစ်သည်။

ခိုင်ကြေးကောက်ခံခြင်းကို ပြည်တွင်းအခွန်များ ဦးစီး ဌာန၏ ညွှန်ကြားလွှာအမှတ်  ၁/၇၃(မယ)ဖြင့် ခိုင်ကြေး စည်းကြပ်ကောက်ခံခြင်းနှင့်    မြို့နယ်စည်ပင်သာယာရေး အဖွဲ့သို့ ခိုင်ကြေး(Cess)လွှဲပြောင်းပေးခြင်းကိစ္စ၊ ကြေး တိုင်နှင့် မြေစာရင်း မင်းကြီးရုံး၏ ၁၉၁၁-၁၉၆၉ ရက်စွဲပါ စာအမှတ်(၄၇၁/၃သ-၂)ဖြင့် ၁၈၈၀ ပြည့်နှစ် ခရိုင်ခိုင်ကြေး အက်ဥပဒေအရ ခိုင်ကြေးစည်းကြပ်ခြင်း ရှင်းလင်းချက်နှင့် ပြည်ထဲရေးနှင့်  သာသနာရေး  ဝန်ကြီးဌာန  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၃၀-၇-၁၉၇၃ ရက်စွဲပါစာအမှတ် (၁-၂/၄/အဒ-၂)ဖြင့် ခိုင်ကြေး(Cess)နှင့် ပတ်သက်သည့် အထွေထွေညွှန်ကြားချက်တို့ဖြင့်  ညွှန်ကြားထားရှိပြီး ဖြစ်သည်။   ခိုင်ကြေးနှင့်ပတ်သက်၍    ခေတ်ကာလနှင့် လျော်ညီသော အမိန့် ညွှန်ကြားချက်များကို သက်ဆိုင်ရာ ဌာနအသီးသီးက ထပ်မံထုတ်ပြန်သင့်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။     ။

မြန်မာ့အလင်း