မေတ္တာမြို့၌ အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး 

မေတ္တာ ၂၁ စက်တင်ဘာ

 

နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း မြမေတ္တာခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့သည်။ထိုသိုု့ဆောင်ရွက်ရာ၌ ထားဝယ်မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးဦးကျော်ကျော်နိုင် ဦးဆောင်သောအဖွဲ့နှင့် ထားဝယ်မြို့ အခြေစိုက်(NRC)ရုံးမှ စောမောရင်း ဦးဆောင်သောအဖွဲ့တို့က ကျောင်းအခြေပြု အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသစ်ပြုလုပ်ပေးခြင်းကို နေ့ချင်းပြီး အခမဲ့ ပြုလုပ်ပေးကြောင်း သိရသည်။

 

အဆိုပါဆောင်ရွက်ခြင်းကို တောင်သုံးလုံးကျေးရွာနှင့် မြေးခံဘော်ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း လ/ထ လဝကမှူး ဦးသူသူအောင်ထံမှ သိရှိရသည်။

 

ရန်နောင်စိုး (ပြန်/ဆက်)