မေတ္တာအသင်္ချေ ပရဟိတအဖွဲ့၏ ဒုတိယမြောက်အလှူအဖြစ် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ အလှူငွေပေးအပ်လှူဒါန်း

ကိုလင်း

 

အနုပညာရှင် ညီအစ်ကိုမောင်နှမများ စုစည်းထားသည့် မေတ္တာအသင်္ချေ ပရဟိတအဖွဲ့ ၏ ဒုတိယမြောက် အလှူတစ်ခုအဖြစ် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးတွင် ကျောက်ကပ်ဆေး ကုသနေရသည့် ဝေဒနာရှင်များအတွက် တစ်ကြိမ်ဆေးလျှင် လိုအပ်သည့် ပစ္စည်းအစုံအလင် အကြိမ် ၄၀ စာနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရန် လိုအပ်သော ပစ္စည်းများအတွက် အလှူငွေ ကျပ်ကိုးသိန်းကို ဧပြီ ၇ ရက်က သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

"ကျွန်တော်တို့အဖွဲ့က အမြဲတမ်းတော့ အလှူလေးတွေ လုပ်ဖြစ်ပါတယ်။ လုပ်တဲ့အခါမှာလည်း တကယ် လိုအပ်နေတဲ့ နေရာတွေကိုသာ အဓိကထားပြီး လှူတာများတယ်။ လှူမယ့်နေရာလေး တွေ့ပြီဆိုတာနဲ့ အနုပညာရှင် မောင်နှမတွေ အကုန်လုံး ဝိုင်းဝန်းပါဝင်လှူဒါန်းကြတယ်။ အခုလည်း အနုပညာရှင်တွေ စုပေါင်းပြီး တတ်နိုင်သလောက် လှူဒါန်း ကြတာပါ" ဟု သရုပ်ဆောင် ခန့်စည်သူက ပြောသည်။

 

မေတ္တာအသင်္ချေ ပရဟိတအဖွဲ့အနေဖြင့် ကျောက်ကပ်ဆေးရန် ပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအတွက် အလှူငွေ ကျပ်ကိုးသိန်းအပြင် ဆေးရုံတွင် ဆေးဝါးကုသမှုခံနေသော ချို့တဲ့သူများအတွက် နှစ်ရက်စာ ထမင်းကျွေးရန်အတွက် ကုန်ကျစရိတ် ကျပ် ၁၄၀၀၀၀ ကိုလည်း စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြန်မာ့အလင်း