မေတ္တာ၊ ကရုဏာရှေ့ထား၍ ရင်ဆိုင်ကျော်လွှားရမည့် ကပ်ရောဂါ

စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်။ မကောင်းသည့် နယ်ပယ်၌ ကျက်စားတတ်သည်။ ဤသည်မှာ ပုထုဇဉ်တို့၏ သဘောပင်ဖြစ်သည်။ မကောင်းသည့် အတွေးအကြံ၊ မကောင်းသည့် အပြောအဆို၊ မကောင်းသည့် အပြုအမူတို့ကို စိတ်ကဦးဆောင်သည်။ စိတ်က ကြီးမှူးသည်။ စိတ်က ဖန်တီးသည်။ မကောင်းသော စိတ်ရှိသူ၏ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တို့၏ နောက်သို့ မကောင်းကျိုးက နွားခြေရာနောက်တွင် နွားလှည်းဘီးက လိုက်သကဲ့သို့ တစ်ထပ်တည်းလိုက်သည်။

 

ကောင်းသည့် အတွေးအကြံ၊ ကောင်းသည့် အပြောအဆို၊ ကောင်းသည့် အပြုအမူတို့ကို ဦးဆောင်သည်မှာလည်း စိတ်ပင်ဖြစ်သည်။ ကောင်းမှု တို့ကို ကြီးမှူးသည်မှာလည်း စိတ်၊ ကောင်းမှုတို့ကို ဖန်တီးသည်မှာလည်း စိတ်ပင်ဖြစ်သည်။ ကောင်းသောစိတ်ရှိသူ၏ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တို့၏နောက်တွင် ကောင်းကျိုးကလည်း အရိပ်ပမာ မခွဲမခွာလိုက်သည်။

 

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် လူတိုင်းတွေ့ကြုံကြရချိန်တွင် ကောင်းသည့်စိတ်နှင့် မကောင်းသည့်စိတ်တို့ကို ပြက်ပြက်ထင်ထင် မြင်ကြရသည်။ ကောင်းသည့်စိတ်ထား၊ မွန်မြတ်သည့် နှလုံးသားရှိသူတို့က မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာစိတ်တို့ကို ဆောင်လျက်လောကကို စောင့်ရှောက်ကြသည်။ လောကကို အလှဆင်ကြသည်။ ကပ်ရောဂါနှင့် ရင်ဆိုင်ရန် ရှေ့တန်းကို ထွက်ကြသည်။ အခက်အခဲနှင့် ရင်ဆိုင်နေရသူတို့ကို ဖေးမကူညီကြသည်။ ကောင်းသောစကားကို ဆို၍၊ ကောင်းသောအပြုအမူတို့ကိုပြုမူ၍ မေတ္တာတရားကို ပြကြသည်။ ထိုအခါ ကပ်ဆိုက်နေ သည့် နိုင်ငံ၊ ကပ်ဆိုက်နေသည့် မြို့ရွာသည်ပင်လျှင် မေတ္တာဓာတ်ကြောင့် လှပလာသည်။ မေတ္တာဓာတ်ကြောင့် အေးမြလာသည်။

 

မိမိတို့နိုင်ငံသို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါမဝင်ရောက်လာစေရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ချိန်၊ အတည်ပြု လူနာတို့ စတင်တွေ့ရှိလာရသည့် အချိန်များတွင်လည်း ဤသဘောတို့ကို တွေ့ရသည်။ မည်သို့ပင်ဆိုစေကာမူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆိုလျှင် ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ရန် အသင့်ရှိကြသည်။ ဓနအင်အား၊ နည်းပညာ အင်အားကြီးမားလှသည့် ကမ္ဘာ့နိုင်ငံကြီးများပင်လျှင် အထိနာနေကြရသည့် ကမ္ဘာ့ကပ်ရောဂါကို မိမိတို့သည်လည်း မေတ္တာ၊ ကရုဏာ၊ သတိ၊ ဝီရိယ၊ ပညာတို့ကို အားထား၍ ရင်ဆိုင်ကြရမှာဖြစ်သည်။ အောင်မြင်မည်ဟုလည်း ယုံကြည်သည်။ ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက စစ်ဆင်ရေးအသွင် ကြိုးပမ်း နေကြသလို အခြားဌာနဆိုင်ရာ ဝန်ထမ်းများကလည်း ကဏ္ဍအလိုက် အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်။ အလှူရှင်များကလည်း ဒေသအလိုက် လှူဒါန်းနေကြသလို လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ ကလည်း လိုအပ်သည်များကို ပါဝင်ဖြည့်ဆည်းနေကြသည်။ ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ များက ကျန်းမာရေးအတွက် ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးခံ၍ အကန့်အသတ်များနှင့် နေထိုင်ကြရာ ပြည်ပမှ ပြန်လာသည့် ကျေးလက်ဒေသမှ လူငယ်ကလေးများ ရွာထဲသို့မဝင်ဘဲ ရွာပြင်တောထဲ စသည်တို့တွင် အကန့်အသတ်ဖြင့် နေထိုင်ကြသည့် သတင်းများကို သိရှိရသည်။

 

မကောင်းသည့်စိတ်နှလုံးရှိသူတို့က သတင်းအမှားများကို ဖြန့်ချိနေကြသလိုလူအများ ထိတ်လန့်စေရန်၊ လူ့အဖွဲ့အစည်း အတွင်း၊ ရပ်ရွာအတွင်း မတည်မငြိမ်ဖြစ်စေရန် ကောလာဟလများကို ထုတ်လွှင့်လျက် ရှိကြသည်။ မိမိတို့ရင်ဆိုင် နေကြရသည့် ကပ်ရောဂါမှာ ကူးစက်မှုမြန်သည့်ရောဂါ၊ သေစေနိုင်သည့် ရောဂါဖြစ်သော်လည်း ထိန်းချုပ်နိုင်သည့် ရောဂါကူးစက်ခံရတိုင်းလည်း မသေနိုင်သည့်ရောဂါ၊ စောစီးစွာ ကုသမှုခံယူပါက ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည်ကို သိနားလည်ထားကြရမည်ဖြစ်ပြီး လူသားချင်းချင်း မေတ္တာတရားပွားများလျက် ညီညွတ်စွာဖြင့် သတိ၊ ဝီရိယ၊ ပညာတို့ကို စွဲကိုင်၍ ရင်ဆိုင်ကျော်လွှား ကြရမည်ဖြစ်ပါကြောင်း။   ။

မြန်မာ့အလင်း