နေပြည်တော်  ၇  နိုဝင်ဘာ

မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့၏ (၃၃)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မြေသြဇာဆိုင်ရာ နည်းပညာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

အခမ်းအနားတွင် မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက လျှောက်ထားလာသည့် မြေသြဇာမှတ်ပုံတင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ထပ်မံဖြည့်စွက်သင့်သည်များရှိပါက ယခုအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးကြစေလိုကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် စစ်ဆေးရေးအဖွဲ့များအနေဖြင့် သိုလှောင်ရုံတစ်ခုလျှင် သိုလှောင်လိုင်စင်တစ်ခု လျှောက်ထားလာသည့် လုပ်ငန်းများအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး သိုလှောင်လိုင်စင် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နည်းပညာအဖွဲ့ အစည်းအဝေးများတွင် စိုက်ပျိုးရေးအငြိမ်းစားပညာရှင်များ၊ ပြင်ပကျွမ်းကျင်သူပညာရှင်များအား ဖိတ်ကြား၍ နည်းပညာပိုင်းဆိုင်ရာများကို ဆွေးနွေးသင့်ပါကြောင်း၊ နည်းပညာ အဖွဲ့၏ နည်းပညာပိုင်းဆိုင်ရာ ထောက်ခံတင်ပြချက်များကို မြေဩဇာကော်မတီက ဆုံးဖြတ်ရသည့်အတွက် နည်းပညာပိုင်းအရ လိုအပ်ချက်များ၊ ထပ်မံဖြည့်စွက်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုရန်အတွက် နည်းပညာအဖွဲ့ဝင်အချို့ကိုလည်း မြေဩဇာကော်မတီအစည်းအဝေးသို့ တက်ရောက်ပေးစေလိုကြောင်း ပြောကြား သည်။

ထို့နောက် နည်းပညာဖွဲ့အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့် က မြေသြဇာကော်မတီ၏ အမိန့်ကြော်ငြာစာ ၅/၂၀၂၀ အရ Ammonium Nitrate ကို အခြေပြုသော ကွန်ပေါင်းများတွင် နိုက်ထရိုဂျင် ၂၈ ရာခိုင်နှုန်း အထက်ရှိ မြေသြဇာများကို တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးခွင့် တားမြစ်ပိတ်ပင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ တင်ပြလာသည့် မှတ်ပုံတင်လိုင်စင်နှင့် သိုလှောင်လိုင်စင်များအပေါ် ဆွေးနွေးဆုံးဖြတ်ရန် ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြရာ နည်းပညာ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုကြသည်။

မြေသြဇာမှတ်ပုံတင်လျှောက်ထားခြင်း၊ သိုလှောင်လိုင်စင် လျှောက်ထားခြင်းနှင့် သွင်းကုန်လိုင်စင်လျှောက်ထားခြင်း တို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်ပေးခြင်း လုပ်ငန်းများအတွက် On Line စနစ်ဖြင့် ရှေ့ပြေး စမ်းသပ်ဆောင်ရွက်ပေးလျက်ရှိပြီး ပိုမိုကျယ်ပြန့်စွာသုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

ယနေ့အစည်း အဝေးတွင် (၃၁)ကြိမ်မြောက် မြေသြဇာကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မြေသြဇာများကို တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးခွင့် တားမြစ်ပိတ်ပင်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြေသြဇာမှတ်ပုံတင် လျှောက်ထားလာသည့် လျှောက်လွှာ (၃၆၆)စောင်၊ သိုလှောင်လိုင်စင် (၂၂၁)စောင်တို့အား မြေသြဇာဥပဒေနှင့် အညီ ခွင့်ပြုရန်ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။

ညီညီသန်း(နေပြည်တော်)