မြွေပူရာကင်းမှောင့် သတိထောက်ဖို့လို

၂၉ ဧပြီ

 

မြွေပေါများရာတွင် ကင်းကပါ နှောင့်ယှက်ပြန်သကဲ့သို့ ပူပန်စရာများ တွေ့ကြုံနေရာတွင် နောက်အပူတစ်မျိုးက ဝင်ရောက်နှောင့်ယှက်ခြင်း ဖြစ်သော "မြွေပူရာ ကင်းမှောင့် ဟူသည့် မြန်မာစကားပုံတစ်ခုကို မြန်မာ တို့၏ လူမှုဘဝနယ်ပယ်တွင် ပြောလေ့ဆိုလေ့ရှိသည်။ တစ်ပူပေါ်တစ်ပူဆင့်၊ ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ အပူတစ်ခုကြုံတွေ့နေချိန်တွင် နောက်အပူ တစ်ခုမကြုံတွေ့ရအောင် သတိထောက်ဖို့လိုမည် ဖြစ်သည်။

 

မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံတွင် သာမက တစ်ကမ္ဘာလုံးမှ ပြည်သူပြည်သားများ စိုးရိမ်ပူပန်ကြောင့်ကြမှုများ ဖြစ်နေကြသည်။ ထိုသို့ လူတိုင်းလူတိုင်း ပူပန်သောကဖြစ်နေချိန်တွင် နောက်ထပ်အခြားစိုးရိမ်ဖွယ်ရာများ ဖြစ်မလာအောင် သတိထောက်ဖို့လိုမည် ဖြစ်သည်။ လက်ရှိကြုံတွေ့နေရသော စိုးရိမ်ဖွယ်မှာ ကပ်ရောဂါဘေးဖြစ်ပြီး အခြားစိုးရိမ်ဖွယ်ရာများမှာ စစ်ဘေး၊ စစ်ဒဏ်နှင့် ရန်သူမျိုးငါးပါးအန္တရာယ် ဖြစ်သည်။

 

ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော ကပ်ရောဂါဘေးအန္တရာယ်ကြောင့် ကမ္ဘာ့ပြည်သူများ စိုးရိမ်သောကရောက်နေချိန်တွင် ကမ္ဘာပေါ်ရှိ နိုင်ငံအချို့၌ ဖြစ်ပွားနေသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်း လိုက်ကြသည်ကို ဝမ်းမြောက်ဖွယ်ကြားသိရသည်။ မြန်မာနိုင်ငံတွင် ရောဂါ ကပ်ဘေးဖြစ်ပွားနေချိန်၌ လက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်းသွားသည်ကို တွေ့ရသော်လည်း ရခိုင်ပြည်နယ်တွင်အကြမ်းဖက်သမားတို့၏ နှောင့်ယှက် ဖျက်ဆီးတိုက်ခိုက်မှုများ ရှိနေသည်ကို စိတ်မကောင်းဖွယ် ကြားသိရသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများ ပြုလုပ်နေစဉ်ကာလ၌ ဒုစရိုက်မှုခင်းကျူးလွန်မှုများ လျော့နည်းသွားသည်ဟု ထင်ရသည်။ တာဝန်ရှိသူအဖွဲ့အစည်းများက နယ်မြေဒေသများအတွင်း ညမထွက်ရအမိန့်များ၊ အသွားအလာကန့်သတ်မှုများ၊ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် ဒုစရိုက်မှုများ ငုပ်လျှိုးနေခြင်းသာဖြစ်ပြီး အခြား နည်းလမ်းအမျိုးမျိုးဖြင့် ဒုစရိုက်မှုများ ထိုးဖောက်ဝင်ရောက်လာမည်ကို သတိထောက်ရမည် ဖြစ်သည်။

 

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ်ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ခရီးသွားလာမှုကန့်သတ်ခြင်း၊ အများပြည်သူတို့၏ လုံခြုံမှုပုံစံ ကန့်သတ်ခြင်း၊ မြို့ရွာများတွင် လူဝင်/ လူထွက်စိစစ်ခြင်း၊ ခရီးသည် ပို့ဆောင်ရေးယာဉ်၊ ရထား၊ လေယာဉ်များ ကန့်သတ်ခြင်း၊ ညပိုင်းတွင် အပြင်မထွက်ရခြင်း၊ အထူးသဖြင့် နေအိမ်တွင်သာ နေထိုင်စေခြင်း စသည့် အရေးပေါ်အစီအမံများ ထိန်းချုပ်ဆောင်ရွက်နေရမှုများကို ဒုစရိုက်သမား များ၊ ဝိသမလောဘ စီးပွားရေးသမားများက အခွင့်ကောင်းယူကာ နည်းလမ်း ပြောင်းလဲဆောင်ရွက်လာကြသည်။

 

ယခုအခါ ဒုစရိုက်သမားများအား ပြင်ပတွင် တွေ့မြင်ရမှုနည်းပါး သွားပြီး အွန်လိုင်းနှင့်နေအိမ်တွင်း၌ ကျူးလွန်မှုများအဖြစ်သို့ ပြောင်းလဲ သွားသည်ကို သတိချပ်ကြရမည် ဖြစ်သည်။ ဒုစရိုက်သမားများသည် ဆက်သွယ်ရေးနည်းပညာ နည်းလမ်းသစ်များကိုအသုံးချ၍ ငွေကြေး လိမ်လည်မှုများ၊ ခြိမ်းခြောက်မှုများ၊ ကွန်ပျူတာနှင့် ဆက်သွယ်ရေးစနစ်များ ထိခိုက်အောင် တိုက်ခိုက်နှောင့်ယှက်လာကြသည်။ ဝိသမလောဘသားများ က ပြည်သူများ ကပ်ရောဂါအပေါ် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်မှုလွန်ကဲလာခြင်း တို့ကို အခွင့်ကောင်းယူ၍ အများပြည်သူလိုအပ်သည့် အစားအသောက်နှင့် ကျန်းမာရေးနှင့်သက်ဆိုင်သော ဆေးဝါးပစ္စည်းများကို တုပမှုများပြုလုပ်လာခြင်း၊ ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းများ ပြုလုပ်လာကြသည်။

 

အဓိကမှာ အွန်လိုင်းကိုအသုံးပြု၍ ခြိမ်းခြောက်ခြင်းများ၊ ငွေကြေး လိမ်လည်ခြင်းများ ဖြစ်ပွားနိုင်ပြီး အယောင်ဆောင်ပြုလုပ်ခြင်း၊ လူသွား လူလာပြတ်သည်ကို အခွင့်ကောင်းယူခြင်း၊ ပူပြင်းသောရာသီတွင် နေအိမ် တံခါးဖွင့်လှစ်ထားခြင်းနှင့် နေအိမ်တွင်း အနေကြာလာသည်နှင့်အမျှ မိသားစုအတွင်း၊ အဆောင်နေသူအချင်းချင်း အိမ်တွင်းအကြမ်းဖက်မှုများ၊ ပဋိပက္ခများ ဖြစ်ပွားနိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ မျက်မှောက်ကာလတွင် ကိုဗစ် - ၁၉ ရောဂါကြောင့် မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးမှ ပြည်သူပြည်သားများ စိုးရိမ်ပူပန်ကြောင့်ကြမှုများ ဖြစ်နေချိန်တွင် "မြွေပူရာကင်းမှောင့်" ဆိုသည့်အလား အပူတစ်ခု ကြုံတွေ့နေချိန်တွင် နောက်ထပ် အပူတစ်ခု ထပ်မံမကြုံတွေ့ရအောင် သတိထောက်ဖို့လိုမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ