မြေနုကျွန်းများ ခွဲဝေမှုကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖြေရှင်းဆောင်ရွက်ရာတွင် နယ်နိမိတ်ပိုင်းခြားမှုနှင့် သက်ဆိုင်မှုမရှိကြောင်း ဒုတိယဝန်ကြီး ဦးလှကျော်ပြောကြား

နေပြည်တော် ၁၆ မေ

 

မြေနုကျွန်းများ ခွဲဝေမှုကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖြေရှင်းဆောင်ရွက်ရာတွင် နယ်နိမိတ်ပိုင်းခြားမှုနှင့် သက်ဆိုင်မှု မရှိပါကြောင်းနှင့် ယင်းသို့ဖြေရှင်းဆောင်ရွက်ရန်အတွက် မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ်အား သီးခြားတိုင်းတာရန် မလိုအပ်ပါသဖြင့် မြေပြန်လည်တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ် မရှိပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြောသည်။

 

“မြို့နယ်ခြား၊ နှစ်စဉ်နီးပါး မြေနုကျွန်း ပြဿနာ ဖြစ်ပွားလျက်ရှိသော မြို့နယ်များ၏ နယ်နိမိတ်များကို ၁၉၀၈ ခုနှစ် အိန္ဒိယ ဂရောင်းဆာဗေး (INDIA GROUND SURVEY) မြေပုံအရသော်လည်းကောင်း၊ စစ်သုံးမြေပုံ အရသော်လည်းကောင်း ပြန်လည်တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိကို” မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်က ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယနေ့တွင် မေးမြန်းရာ ဒုတိယဝန်ကြီး ဦးလှကျော်မှ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီး ဦးလှကျော်က “မြေနုကျွန်းလုပ်ပိုင်ခွင့် ချထားခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၂ခုနှစ်၊ လယ်ယာမြေနည်းဥပဒေ အပိုဒ် ၁၀၈ နှင့် အပိုဒ် ၁၀၉ ပါပြဋ္ဌာန်းထားရှိချက်များနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင်ဆင့်မှ ကွင်းဆင်းစစ်ဆေး၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မြေနုကျွန်းများ ခွဲဝေမှုကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖြေရှင်းဆောင်ရွက်ရာတွင် နယ်နိမိတ်ပိုင်းခြားမှုနှင့် သက်ဆိုင်မှု မရှိပါကြောင်းနှင့် ယင်းသို့ဖြေရှင်းဆောင် ရွက်ရန်အတွက် မြို့နယ်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ နယ်နိမိတ်အား သီးခြားတိုင်းတာရန် မလိုအပ်ပါသဖြင့် မြေပြန်လည်တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ် မရှိပါကြောင်း” ဖြေကြားသည်။

 

MDN