မွေးမြူရေးခြံများ ဇီဝလုံခြုံရေးမြှင့်တင် ကူးစက်ရောဂါများ မကျရောက်ရန် ကာကွယ်

 

ယခုအခါ အပူရှိန်ပြင်းထန်လာပြီး ရာသီဥတု အကူးအပြောင်းကာလလည်း ဖြစ်သည့်အတွက် မွေးမြူရေးတိရစ္ဆာန်များတွင် ကူးစက်ရောဂါများ ဖြစ်ပွားတတ်သည့် ကာလလည်းဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အာဖရိက ဝက်အပြင်းဖျားရောဂါကာကွယ်ရေးနှင့် ကြက်ငှက်ရောဂါ ကြိုတင်ကာကွယ်ရေးတို့အတွက် အသိပေး နှိုးဆော်ချက်များ ထုတ်ပြန်ကာ မွေးမြူရေး (တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ကျရောက်မှုကြောင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်း အသိပေးလျက် ရှိသည်။

 

ကြက်ငှက်တုတ်ကွေးရောဂါသည် H5N1 ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရပြီး ကြက်ငှက်မှ လူသို့လည်း ကူးစက်နိုင်သည်။ ၁၉၉၇ ခုနှစ်က ဟောင်ကောင်တွင် ကြက်ကောင်ရေ ထောင်ပေါင်းများစွာနှင့် လူခြောက်ယောက်တို့ ကြက်ငှက်တုတ်ကွေးရောဂါဖြင့် သေဆုံးခဲ့ရခြင်းကြောင့် ကြက်ကောင်ရေ တစ်သန်းခွဲခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရသည်။ ၂၀၀၄ ခုနှစ် ဇန်နဝါရီလတွင် ထိုင်း၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့တွင် ကြက်အများအပြား သေဆုံးမှုမှစတင်ကာ ယင်းလကုန်ပိုင်းတွင် လူ ၂၈ ဦးကို ရောဂါကူးစက်ခံခဲ့ရသည်။ ၎င်းတို့အနက်မှ ၂၁ ဦး သေဆုံးခဲ့ရသလို အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ တရုတ်နိုင်ငံများဆီသို့လည်း ရောဂါပျံ့နှံ့ခဲ့သည်။

 

အာဖရိက ဝက်အပြင်းဖျားရောဂါမှာ မူလအစ အာဖရိကမှသည် ဥရောပမှတစ်ဆင့် အာရှသို့ ကူးစက် ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းရောဂါကြောင့် ကမ္ဘာတစ်ခွင် ၀က်ကောင်ရေပေါင်း သန်းနှင့်ချီ၍ ဆုံးရှုံးခဲ့ရပြီး အရှေ့တောင်အာရှနိုင်ငံများတွင် ကူးစက်မှုများ ဖြစ်ပွား လျက်ရှိသည်။ အာဖရိကဝက် အပြင်းဖျားရောဂါမှာမူ ဝက်မှလူသို့ ကူးစက်ခြင်းမရှိနိုင်သော်လည်း ဝက်များတွင် ရောဂါကျရောက် ကူးစက်ခဲ့ပါက ရာနှုန်းပြည့် နစ်နာဆုံးရှုံးနိုင်သည်။ အာဖရိကဝက်အပြင်းဖျားရောဂါသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား၊ မိုင်းယောင်း၊ ၂ မိုင်းဖြတ်နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဆန်းတို့တွင် ယမန်နှစ် ဩဂုတ်လအတွင်းက ရောဂါကျရောက်ခဲ့သည်။

 

မွေးမြူရေးတိရစ္ဆာန်များ ကူးစက်ရောဂါကျရောက်ခြင်းတွင် အဓိက အချက်မှာ မွေးမြူရေးခြံများ၌ ဇီဝလုံခြုံရေး အားနည်းချက်ကြောင့်ပင် ဖြစ်သည်။ ဇီဝလုံခြုံရေးကျင့်စဉ်တွင် မွေးမြူရေးတိရစ္ဆာန်များကို ကူးစက် ရောဂါများ မကျရောက်စေရန်အတွက် ပတ်ဝန်းကျင်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတွေ့မှုမရှိစေရန် ဖြတ်တောက်ထားခြင်းဖြင့် ကူးစက်ရောဂါဝင်ရောက်နိုင်မည့်အခွင့်အလမ်းများကို တားဆီးထားခြင်း ပင်ဖြစ်ရာ ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းပင်ဖြစ်သည်။

 

မွေးမြူရေးခြံများကို လုံခြုံအောင် ကာရန်ခြင်း၊ တာဝန်ရှိသူများသာ ဝင်ရောက်ခြင်း၊ ခြံအတွင်း ဝင်ရောက်ရာတွင် လူ၊ ကား၊ လှည်း အားလုံး ပိုးသတ်ဆေးကန်ကို ဖြတ်သန်းပြီးမှ ဝင်ရောက်ခြင်း၊ ခြံအတွင်း စီးရန် ဖိနပ်ကို သီးသန့်ထားခြင်း၊ ခြံလုပ်သား၊ လုပ်ငန်းသုံးပစ္စည်းများ စသည် တို့ကို အခြားခြံများနှင့် ကူးလူးဆက်ဆံမှု မပြုလုပ်ခြင်း၊ အခြားခြံများမှ ပြန်လာလျှင်လည်း ရေချိုး၊ အဝတ်လဲပြီးမှ ခြံတွင်းသို့ ဝင်ရောက်ခြင်း၊ ခြံတွင်းသို့ ဝင်ရောက်ပါက နှာခေါင်းစည်း၊ လက်အိတ်တို့ စနစ်တကျ ဝတ်ဆင်ခြင်း၊ ခြံမှထွက်ခွာပါကလည်း ဆပ်ပြာဖြင့် လက်ဆေးပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်းခြံပြင်သန့်ရှင်းရေးတို့ မပြတ်ပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ကြက်ဘဲငုံးခြံများတွင် ပြင်ပမှ ငှက်များ မဝင်နိုင်စေရန် ကာရံထားခြင်း စသည်တို့ကို တင်းတင်း ကျပ်ကျပ် ဆောင်ရွက်ထားခြင်းဖြင့် မိမိတို့၏မွေးမြူရေးခြံများ ဇီဝလုံခြုံရေးကို အဆင့်မြှင့်တင်ကြရမည် ဖြစ်သည်။

 

မွေးမြူရေးခြံများ ဇီဝလုံခြုံရေး ဆောင်ရွက်ခြင်းသည် ကူးစက်ရောဂါများ ကျရောက်မလာစေရန် ကြိုတင်ကာကွယ်ခြင်းပင်ဖြစ်သည်။ ကူးစက် ရောဂါအချို့တွင် ကာကွယ်ဆေးနှင့် ကုသဆေးတို့ မရှိသေးသည့် အခြေအနေမျိုး ဖြစ်ပေါ်လာပါက ဆုံးရှုံးမှုများမှာ ဘာမှပြန်မရဘဲ သုည အခြေအနေသို့ ကျရောက်သွားနိုင်သည်သာ ဖြစ်သည်။ ဇီဝလုံခြုံရေးအဆင့်မြှင့်တင်ခြင်းဖြင့် မိမိတို့၏မွေးမြူရေး တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ကာ မွေးမြူရေးစီးပွား မြင့်မားနိုင်ကြမည်ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း