မြေမှုကိစ္စများနှင့် မြေယာမူဝါဒ

၁၁ ဖေဖော်ဝါရီ


နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်သည်ဟူ၍ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 


နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု စားနပ်ရိက္ခာဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် မြေသည် အခြေခံအကျဆုံး သယံဇာတအရင်းအမြစ်ဖြစ်သည့်အလျောက် မျက်မှောက်ကာလတွင် သာမက အနာဂတ်မျိုးဆက်များအထိပါ အကျိုးဖြစ်ထွန်းစေရန် မျှော်မှန်း စဉ်းစား၍ မြေသယံဇာတ စီမံခန့်ခွဲမှုကို နိုင်ငံတော်က ဆောင်ရွက်ရသည်။


မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးအခြေခံသည့် နိုင်ငံဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းပါဝင်သော ကျေးလက်ဒေသနှင့် လယ်ယာစီးပွားရေးတို့က မြေနှင့်ရေ အရင်းအမြစ်များပေါ်တွင်သာ အဓိကအခြေ စိုက်သည်။ မြေကို အသုံးပြုကာ ရာသီသီးနှံ၊ ဥယျာဉ်ခြံ၊ နှစ်ရှည်ပင်၊ စက်မှုကုန်ကြမ်းသီးနှံတို့ စိုက်ပျိုးခြင်း၊ သားငါးမွေးမြူခြင်းတို့ကို ဆောင်ရွက်ကြရသည်။ တစ်ဖက်တွင်လည်း နိုင်ငံဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတား အခြေခံအဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်များ၊ ဆည်မြောင်းတာတမံနှင့် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်သတ္တုတူးဖော်မှုများ စသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လူနေမြို့ရွာများ တိုးချဲ့ခြင်းတို့ကြောင့် မြေအသုံးချမှုများကို မဖြစ်မနေ ဆောင်ရွက်ကြရသည်။ သို့ဖြစ်သည့်အလျောက် မြေအရင်းအမြစ်များကို အသုံးချရာတွင် မူဝါဒနှင့်အညီ အသုံးချရပြီး မြေအသုံးချမှုဆိုင်ရာ မူဝါဒတွင်လည်း အစိုးရနှင့်မြေအရင်းအမြစ်များ၏ မူလပိုင်ရှင်ပြည်သူများအကြား မြေနှင့်သက်ဆိုင်သော အကျိုးစီးပွားနှင့် အခွင့်အာဏာခွဲဝေမှုများနှင့် စပ်လျဉ်းသည့် နိုင်ငံရေးရွေးချယ်မှုနည်းလမ်းနှင့် ပုံစံများ၊ မြေနှင့် ဆက်စပ်သည့် သယံဇာတအရင်းအမြစ်များ အသုံးပြုခွင့်များကို ရှင်းလင်းစွာသတ်မှတ်ဖော်ပြခြင်း၊ စနစ်ကျသည့် မြေယာအုပ်ချုပ်မှုစနစ် ရှိခြင်းတို့ လိုအပ်သည်ဟု ဆိုထားသည်။


အမျိုးသား မြေအသုံးချမှုမူဝါဒတွင် လုပ်ကွက်ငယ် တောင်သူလယ်သမားများ၊ ဆင်းရဲသားများ၊ တိုင်းရင်းသားလူမျိုးများ၊ အမျိုးသမီးများ၏ မြေလုပ်ပိုင်ခွင့်များကို ဒေသခံအဖွဲ့အစည်းများက အသိအမှတ်ပြု ထားသည့်အပေါ် ဥပဒေအရ အသိအမှတ်ပြုပြီး အကာအကွယ်ပေးရန် အခြေခံမူ ချမှတ်ထားသည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့ကို မြှင့်တင်ရေး၊ လှူအခွင့်အရေးစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်ရေး၊ မြေအသုံးချခြင်းနှင့် မြေအရင်းအမြစ်များ စီမံခန့်ခွဲခြင်းတို့နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချရာတွင် ပြည်သူများ ပိုမိုပါဝင်ဆွေးနွေးခွင့်ပြုရေး၊ အများပြည်သူအကျိုးစီးပွားနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့၏ အကျိုးစီးပွားယှဉ်ပြိုင်လာပါက အများပြည်သူ၏ အကျိုးစီးပွားကို ဦးစားပေးရေး၊ ဗဟိုမှချုပ်ကိုင်မှုလျှော့ချရေး စသည့်အချက်များလည်း ပါဝင်လျက်ရှိသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း လယ်ယာမြေကိစ္စရပ်များကို ပိုမို၍ သတိပြုမိခဲ့ပြီး လယ်ယာမြေကိစ္စများသည် ပြည်သူလူထုအတွင်း တွေ့ကြုံနေရသည့် အခက်အခဲများ ဖြစ်နေသည်ကို သတိပြုကြရန်လိုအပ်ကြောင်း၊ စွန့်လွှတ်ပြီးမြေများ မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရေး ခက်ခဲကြန့်ကြာနေရသည့်အပြင် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် အခြေအနေများ တွေ့ရှိရကြောင်းနှင့် ယင်းအခြေအနေများကို အထူးအလေးထား ဖြေရှင်းဆောင်ရွက်ပေးရန် အရေးကြီးကြောင်း မှာကြားခဲ့သည်ကို တွေ့ရှိရသည်။


လက်ရှိဖြစ်ပေါ်နေသည့် မြေယာကိစ္စများ၏ ရေသောက်မြစ်များမှာ မြေယာအုပ်ချုပ်မှုစနစ်နှင့် စီမံခန့်ခွဲမှုစနစ်တို့၏ အားနည်းခဲ့ခြင်း၊ အောက်ခြေအဆင့် အာဏာပိုင်များနှင့် မြေယာဝန်ထမ်းများ၏ အကျင့် ပျက်မှုများ ထူပြောခဲ့ခြင်း၊ လူ့အခွင့်အရေးကို မျက်ကွယ်ပြုကာ မြေသိမ်း ယာသိမ်းကိစ္စများတွင် ပွင့်လင်းမြင်သာမှုမရှိခဲ့ခြင်း စသည်တို့ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ မျက်မှောက်ကာလသည် ပြောင်းလဲချိန်တန်ပြီဖြစ်သည့်အလျောက် မြေမှုယာခင်းကိစ္စများတွင် အမျိုးသားမြေအသုံးချမှုမူဝါဒများနှင့် ညီညွတ်ရေး၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားနှင့် ရပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်မှု မြှင့်တင်ရေးတို့ကို အလေးမူဆောင်ရွက်ပေးခြင်းအားဖြင့် လယ်ယာကုန်ထုတ်စီးပွား မြင့်မားတိုးတက်စေလိုပါကြောင်း။ ။


မြန်မာ့အလင်း