မေလမှာ မုန်တိုင်းဝင်ရောက်နိုင်ခြေရှိခြင်း …

ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

မြန်မာနိုင်ငံမှာ မုန်တိုင်းတွေဟာ ရခိုင်ကမ်းရိုးတန်းမြို့ကြီးတွေ ကို ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး မိုးမကျမီ ဧပြီနဲ့မေလ၊ မိုးနှောင်း အောက်တိုဘာနဲ့ နိုဝင်ဘာလတို့တွင် ဝင်ရောက်လေ့ရှိပါတယ်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ နာဂစ်မုန်တိုင်းကြီးဒဏ်ကို ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့  အလူးအလဲခံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့မှာ မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးထိ လေတိုက်နှုန်း တစ်နာရီကီလိုမီတာ ၂၅၀ နဲ့ ဝင်ရောက်ခဲ့တာမို့ မိုးလေဝသသမိုင်းတစ်လျှောက်မှာ  စံချိန်အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။   သဘာဝမုန်တိုင်းကြီးတွေ အန္တရာယ်က ဘယ်လိုကာကွယ်နိုင်မလဲ။

 

အထောက်အထားများ

 

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေအနက် လေပြင်းမုန်တိုင်းဒဏ်နဲ့ ရေကြီးရေလွှမ်းမိုးတဲ့အန္တရာယ်ကို မကြာခဏခံစားကြရပြီး လေပြင်းမုန်တိုင်းကိုတော့ ရခိုင်ပြည်နယ်က  နှစ်စဉ်လိုပဲခံစားရတာ ကို တွေ့ရပါတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက စတင်ဖြစ်ပေါ်လာတဲ့ မုန်တိုင်းကြီးတွေဟာ မြောက်ဘက်ကိုရွေ့လျားပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကမ်း‌ခြေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းနဲ့ မြန်မာနိုင်ငံ ရခိုင် ပြည်နယ် ကမ်းရိုးတန်းအတိုင်း ထွက်ပေါက်ရှာ တိုက်ခတ်တဲ့သဘောရှိပါတယ်။ ပင်လယ်ကမ်းခြေတစ်ခုခုမှ ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ လမ်းကြောင်းသင့်ရာ ဖြတ်ကျော်တိုက်ခတ်ပြီး ထွက်ပေါက်ရရှိတဲ့ နေရာကနေ ကုန်းတွင်းကိုဝင်ရောက်တဲ့ သဘောကို တွေ့ရှိရပါတယ်။

ရခိုင်ပြည်နယ်ကတော့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်အကျဆုံး ဒေသ၊ ရခိုင်ရိုးမနဲ့ ဘင်္ဂလားပင်လယ်အော် အကြားမှာ တည်ရှိပါတယ်။ အကျယ်အဝန်းစတုရန်းမိုင်ပေါင်း ၁၄၂၀၀ ၊ ကမ်းရိုးတန်းမိုင် ၃၆၀၊ မြောက်ဘက်ပိုင်း အကျယ်ဆုံးနေရာ မိုင် ၁၀၀၊ တောင်ဘက်ပိုင်း အကျယ်ဆုံးနေရာ မိုင် ၂၀ ရှိပါတယ်။ မြောက်ဘက်ပိုင်းမှာ တောင်တန်းမြင့်မားပြီး တောင်ဘက်ပိုင်းမှာ ဆင်ခြေလျှောဖြစ်ကာ တောတောင်များပြားတာကို မြင်နိုင်ပါတယ်။

မုန်တိုင်းတွေရဲ့ထွက်ပေါက်ဟာ အကျယ်ဝန်းဆုံးသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်တယ်ဆိုတာ ပထဝီဝင် သဘောအရရော၊ အထောက်အထားများအရရော တွေ့ရှိနိုင်ပါတယ်။ ပြောမယ်ဆိုရင် မုတ်သုံလေနဲ့ မုန်တိုင်းတွေအတွက် ထွက်ပေါက်ဟာ ပင်လယ် ကမ်းရိုးတန်းတစ်လျှောက် အောက်မြန်မာနိုင်ငံ၊ ပြည်တွင်းကို ဝင်လာတာဟာ ပထဝီ၊ ရေမြေတောတောင်တွေကြောင့် ဖြစ်တယ်ဆိုတာ မြင်နိုင်ပါတယ်။

မုန်တိုင်းသဘောအရ ကြီး၊ ငယ်မဟူ ပြင်းထန်လေ့ရှိပြီး ရခိုင်ရိုးမတောင်တန်းကို ဖြတ်ကျော်ကာ နိုင်ငံရဲ့မြောက်ဖျားထိ မိုးရွာသွန်းဖို့ အကြောင်းတရားဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ဒီမုတ်သုံလေ၊ မုန်တိုင်းငယ်လေးတွေကြောင့် နှစ်စဉ်ဆိုသလို မိုးရွာသွန်းတာ၊ ရံဖန်ရံခါရေကြီးရေလွှမ်းတာတွေကို ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်း ဒေသကြီးတွေမှာ တွေ့ကြုံရ၊ စိုက်ပျိုးရေရတာဖြစ်ပါတယ်။

ရခိုင်ကမ်းရိုးတန်းမှာရှိတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ ဂွမြို့တွေကို မုန်တိုင်းကြီးတွေ ဝင်ရောက်တိုက်ခတ်တဲ့လဟာ မေလဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြီးကတော့ ရခိုင်ပင်လယ်ကမ်းရိုးတန်းကို မဝင်တော့ဘဲ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးကို ဝင်ရောက်တိုက်ခတ်ခဲ့တာဟာလည်း မေလ ၂ ရက်နေ့ဖြစ်ပါတယ်။

 ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့မှာ အလွန်အားပြင်းတဲ့ မိုခါမုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်း ရခိုင်ပြည်နယ် စစ်တွေမြို့အနီးထိ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

 

mdn

 

မေလမှာ မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်

 

တွေ့ရှိချက်က ဘာလဲဆိုတော့ မုန်တိုင်းကြီးတွေဟာ မြောက်ဘက်ကနေ တောင်ဘက်ကို ရွေ့လျားဝင်ရောက်တိုက်ခတ်လာတဲ့ သဘောရှိပါတယ်။ မိုးဦး ဧပြီနဲ့ မေလမှာ မုန်တိုင်းကြီးတွေ ဝင်ရောက် တိုက်ခတ်နိုင်တယ်ဆိုတာဖြစ်ပါတယ်။

၁၈၈၄ ခုနှစ် စစ်တွေ           

၁၈၉၅ ခုနှစ် စစ်တွေ

၁၉၁၆ ခုနှစ် စစ်တွေ

၁၉၂၆ ခုနှစ် စစ်တွေ            

၁၉၃၀ ခုနှစ် ကျောက်ဖြူ               

၁၉၆၇ ခုနှစ် ကျောက်ဖြူ               

၁၉၆၈ ခုနှစ် စစ်တွေ           

၁၉၇၈ ခုနှစ် ကျောက်ဖြူ               

၁၉၈၂ ခုနှစ် ဂွ         

၂၀၀၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး  

၂၀၂၃ ခုနှစ် စစ်တွေ

နှစ်တစ်ရာအတွင်းမှာ အင်အားကြီးမုန်တိုင်း ၁၁ ခုဝင်ရောက်တိုက်ခတ်တဲ့လဟာ ဧပြီလ၊ မေလလို့ တွေ့ရှိရပါတယ်။ ဧပြီလကုန် မေလဆန်းထဲမှာ မုန်တိုင်းကြီး၊ မုန်တိုင်းလတ်တွေ ဝင်ရောက်လေ့ရှိတယ်ဆိုတဲ့ တွေ့ရှိချက်ပဲဖြစ်ပါတယ်။

ဒုတိယတွေ့ရှိချက်က မိုးနှောင်း အောက်တိုဘာလ၊ နိုဝင်ဘာလ တွေမှာလည်း မုန်တိုင်းကြီးတွေ ဝင်ရောက်တိုက်ခတ် ဖျက်ဆီးနိုင်သေးတယ်ဆိုတာ ဖြစ်ပါတယ်။

၁၈၆၈ ခုနှစ် စစ်တွေ

၁၈၉၇ ခုနှစ် စစ်တွေ

၁၉၀၈ ခုနှစ် စစ်တွေ

၁၉၂၂ ခုနှစ် စစ်တွေ

၁၉၄၈ ခုနှစ် စစ်တွေ

၁၉၅၂ ခုနှစ် စစ်တွေ

၁၉၆၇ ခုနှစ် စစ်တွေ

နှစ်တစ်ရာအတွင်းမှာ အင်အားကြီးမုန်တိုင်း ခုနစ်ခုဝင်ရောက် တိုက်ခတ်ခဲ့တဲ့လဟာ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ မိုးနှောင်းကာလ မြန်မာနိုင်ငံအောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းတွေမှာ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းထဲမှာ မုန်တိုင်းကြီး၊ မုန်တိုင်းလတ်တွေ ဝင်ရောက် လေ့ရှိတယ်ဆိုတဲ့တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။

mdn

 

ဘင်္ဂလားပင်လယ်အော်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိတဲ့ မုန်တိုင်းကြီးတွေကြောင့် ၂၀ ရာစုမှာ ကမ္ဘာပေါ်မှာ လူအသေအပျောက် အများဆုံး၊ အိုးအိမ်စည်းစိမ် ကျွဲ၊ နွား တိရစ္ဆာန်အများဆုံး ပျက်စီးဆုံးရှုံးခဲ့တာကို လေ့လာမှတ်သားရပါတယ်။

 မြန်မာ့ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြီးတွေရဲ့ ၉၇ ရာခိုင်နှုန်းခန့်ဟာ ရခိုင်ကမ်းရိုးတန်းကို ကျရောက်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီကာလတွေမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသရှိ ပြည်သူတွေ၊ ဧရာဝတီနဲ့ရန်ကုန်တိုင်း ဒေသကြီးတွေမှာနေကြတဲ့ ပြည်သူတွေ၊ တာဝန်ရှိလူကြီးတွေဟာ ရင်တမမနဲ့ စိုးရိမ်ပူပန်နေကြရပါတယ်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ နာဂစ်မုန်တိုင်းဟာ ရခိုင်ပင်လယ်ကမ်းရိုးတန်းကိုမဝင်တော့ဘဲ လမ်းကြောင်းပြောင်းပြီး ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးဆီကို ဘာကြောင့်ဝင်ရောက်လာရသလဲဆိုတဲ့ မေးခွန်းကိုဖြေဆိုဖို့ စိတ်ဝင်စားခဲ့ပါတယ်။ အဆင့်(၄) ဆိုင်ကလုန်း နာဂစ်ကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ရတဲ့အပြင် လူမှုစီးပွားဘဝနဲ့ ပတ်ဝန်းကျင်ဂေဟစနစ်ပါ ပျက်စီးဆုံးရှုံးမှုတွေဟာ မြန်မာ့ သဘာဝဘေးအန္တရာယ်သမိုင်းမှာ မှတ်တမ်းတင်ကျန်ခဲ့ပါတယ်။

ဒီဆောင်းပါးဟာ ဖတ်ကောင်းရုံသက်သက်မဟုတ်၊ လက်တွေ့ဒီမုန်တိုင်းအန္တရာယ်က ဘယ်လို ကာကွယ်နိုင်မလဲဆိုတဲ့ဆီကို ဆက်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ စုပေါင်းကာကွယ်နိုင်ဖို့ သုတေသန ပြုပြီး စုပေါင်းအကောင်အထည်ဖော်ရမယ့် တာဝန်ကြီးဖြစ်ပါတယ်။ သိပ္ပံနည်းကျလေ့လာပြီး ကြိုတင် ကာကွယ်မှုတွေကို ဆောင်ရွက်ကြရပါမယ်။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ တန်ဖိုးရှိတဲ့အချက်အလက် တွေကို ဆက်လက်ရှာဖွေကိုးကားသွားရမှာ ဖြစ်ပါတယ်။

 

(က)

လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၂ နှစ် (၁၈၈၇-၂၀၀၉ ခုနှစ်)အတွင်း ဘင်္ဂလားပင်လယ်အော်အခြေပြု မုန်တိုင်း ၃၂ ကြိမ်မှာ ဧပြီလတွင် ဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၅ ကြိမ်မှာ မြန်မာ့ကမ်းရိုးတန်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၄၆ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း၊

 

(ခ)

မေလတွင် မုန်တိုင်း ၉၂ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ၂၇ ကြိမ်မှာ မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၂၉ ဒသမ ၃၄ ရာခိုင်နှုန်းရှိကြောင်း၊ ဒီအချက်အလက်များအပေါ်အခြေခံပြီး အောက်ပါအတိုင်း ကောက်နုတ်ဆွေးနွေးသွားပါမယ် -

 

ဆွေးနွေးချက်မှာ ဧပြီလ၊ မေလဟု သီးသန့်မခွဲခြားတော့ဘဲ မိုးဦး ကာလတွင် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းစတင်ဖြစ်ပေါ်လေ့ရှိရာ နှစ်ပေါင်း ၁၂၂ နှစ်အတွင်း မုန်တိုင်းပေါင်း ၁၂၄ ကြိမ် ရှိခဲ့ပါတယ်။ နှစ်စဉ် မုန်တိုင်းဖြစ်တဲ့သဘောတွေ့ရပါတယ်။ အဲဒီအနက် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ရခိုင်ကမ်းရိုးတန်းနဲ့ မြန်မာနိုင်ငံအတွင်း ကမ်းရိုးတန်း ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းပေါင်း ၅၉ ကြိမ်။ ဒါကြောင့် မုန်တိုင်းဖြစ်တိုင်းဖြစ်တိုင်း ရခိုင်ကမ်းရိုးတန်းနဲ့ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့တဲ့ အခြေအနေဟာ ၄၈ ရာခိုင်နှုန်းခန့် ရှိတယ်လို့အဓိပ္ပာယ်ပေါ်ပါတယ်။ ဒီလိုဖြစ်နိုင်ခြေရှိတယ်ဆိုတာ မှန်လေ့ ရှိတယ်လို့ ပြောတာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းကြီးလတ်ပေါ်လာပြီဆိုရင် ဒီသင်္ချာသဘောအရ မြန်မာ့ ကမ်းရိုးတန်း၊ မြန်မာနိုင်ငံဘက်ဝင်ဖို့ရာ ၄၈ - ၅၀ ရာခိုင်နှုန်း သေချာတယ်လို့ပြောရပါမယ်။ ဒီလိုဆိုရင် ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက အိန္ဒိယ နိုင်ငံ အရှေ့ဘက်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

အထောက်အထားမှတ်တမ်းတွေ အများအပြားအနက် ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အကြီးအကျယ် ဒုက္ခပေးခဲ့တဲ့ ဘိုလာဆိုင်ကလုန်းမုန်တိုင်းနဲ့ ၂၀၀၈ ခုနှစ် မေလ ၂၊ ၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေကို အကြီးအကျယ် ဒုက္ခပေးခဲ့တဲ့ အဆင့် (၄) ဆိုင်ကလုန်းနာဂစ်၊ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့မှာ အလွန်အားပြင်းတဲ့ မိုခါမုန်တိုင်းတို့ဟာ အထင်ကရအထောက်အထားများပဲ ဖြစ်ပါတယ်။

၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်မွှေပြီး လူပေါင်းသိန်းချီ သေဆုံးခဲ့ပါတယ်။ အသက်အိုးအိမ် စည်းစိမ်တွေ ကြီးမားစွာဆုံးရှုံးခဲ့သော်လည်း လူတိုင်းဟာ ကိုယ်နှင့် မဆိုင်သလို တွေးမိခဲ့ကြပါတယ်။ ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလထဲမှာ ကျွန်တော်တို့ ဆရာ၊ ကျောင်းသားတွေနဲ့ လူကြီးတွေဟာ ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်ကို မိုးတဖွဲဖွဲအောက်မှာ ချမ်းစိမ့်ပြီး ကျင်းပခဲ့တာကို သတိထားမိပါတယ်။ ပြန်တွေးကြည့်မိတော့ ဘိုလာဆိုင်ကလုန်းမုန်တိုင်းဟာ ဘယ်လောက်ပြင်းသလဲဆိုရင် ရန်ကုန်တိုင်းဒေသကြီးကို အဖျားခတ်တဲ့ပုံရှိပါတယ်။

(ဆက်လက်ဖော်ပြပါမည်)