မေခ - မလိခမြစ်ဆုံဒေသ ဆောင်းခိုငှက်တို့ ပျော်စံရာ ပိတောင် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော

 

သိန်းညွန့်(PZL)

 

မြစ်ဆုံဒေသဟု ဆိုလိုက်ပါလျှင် မြန်မာနိုင်ငံမြောက်ပိုင်း မြစ်ကြီးနားမြို့နယ်ရှိ မေခ-မလိခကို ပြေးမြင်မိကြမည် ဖြစ်ပါသည်။ ယင်းဒေသဝန်းကျင်တွင် စိမ့်စမ်းရေတံခွန်၊ ရေတိမ်ဒေသ ငှက်မျိုးစိတ်နှင့် ဆောင်းခိုငှက်တို့ဘဝအကြောင်းကို တစေ့တစောင်း လေ့လာစေ့ငုလိုပါက “ပိတောင်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော” ကိုပင် ညွှန်းဆိုပါ လိမ့်မည်။ ဤဒေသသည်ကား တောင်ကုန်းတောင်စွယ် အနိမ့် အမြင့်နှင့် ချိုင့်ဝှမ်းများရှိပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက် ခြုံလွှမ်းထားသော အလွန်ပြန့်ပြူးသည့် လွင်ပြင်များနှင့် ဆက်စပ်ထားသည်။

 

 ရှင်သန်ပေါက်ရောက်

 

ဘေးမဲ့တောအတွင်း ဖြန့်ကြက်လေ့လာလိုက်ပါက စကားဝါ၊ သင်ကန်း၊ ကညင်၊ ကံ့ကော်၊ ယမနေ အစရှိသည့် သစ်မျိုးစိတ်ပေါင်း ၁၀၀ ကျော် ပေါက်ရောက်နေကြောင်း တွေ့မြင်နိုင်ကြသည်။ ထိုမျှမက လှပသောသစ်ခွမျိုးစိတ် ၂၃ မျိုးနှင့် ပရဆေးပင် ၆၅ မျိုးလည်း ရှင်သန် ပေါက်ရောက် နေပေသည်။

 

ဧရိယာစတုရန်းမိုင် ၄၇ ဒသမ ၁၃၆ ရှိပြီး မြက်ခင်းလွင်ပြင်၊ အမြဲစိမ်း သစ်တောများဖြင့် တန်ဆာဆင်ထားသော ပိတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ စားကျက်နယ်မြေများကို အကာအကွယ်ပေးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ သိပ္ပံသုတေသနလုပ်ငန်းများ ဖော်ဆောင်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစည်ပင်တိုးတက်ရေးတို့အတွက် ရည်ရွယ်ကာ သစ်တောဦးစီးဌာန က လွန်ခဲ့သော ၁၉၂၇ ခုနှစ်ကတည်းက ဘေးမဲ့တောအဖြစ် သတ်မှတ် ထားခဲ့ခြင်းဖြစ်သည်။

 

နို့တိုက်သတ္တဝါများဖြစ်ကြသော ပြောင်၊ စိုင်၊ ဒရယ်၊ ဆတ်၊ မျောက်လွှဲ ကျော် အစရှိသော နို့တိုက်သတ္တဝါ ၂၈ မျိုး နေထိုင်ကျက်စားသလို စပါးကြီး၊ စပါးအုံး၊ တောင်လိပ် ကဲ့သို့သော တွားသွားသတ္တဝါ ၂၅ မျိုးကိုလည်း ဤဘေးမဲ့တော၌ တွေ့ကြရသည်။ ထို့ပြင် ငှက်မျိုးစိတ်ပေါင်း ၁၇၃ မျိုးရှိကြောင်းလည်း သိမှတ်ရသည်။

 

mdn

 

မျောက်လွှဲကျော်

 

ယင်းတို့အနက် ယခင်ကာလက ဟူးလော့မျောက်လွှဲကျော်ဟု အခေါ်ရှိခဲ့ပြီး ယခုအခါ အရှေ့ပိုင်း မျက်ခုံးဖြူ မျောက်လွှဲကျော်များဟု အမည်နာမ ရသည့် မျောက်မျိုးစိတ်များ ပျော်စံကြရာ ဘေးမဲ့တောအဖြစ်လည်း ဖြစ်တည်လျက်ရှိသည်။ အဆိုပါမျောက်လွှဲကျော်တို့သည် အမြီးဟူ၍မရှိဘဲ ဦးခေါင်းနှင့် ခန္ဓာကိုယ်ပိုင်း သည် အရှည် ၄၅ ပေမှ ၆၄ စင်တီမီတာ အထိ ရှိတတ်ကြသည်။

 

 မျောက်လွှဲကျော် အထီးတို့သည် ခန္ဓာကိုယ် တစ်ခုလုံးမှာ အမည်းရောင် လွှမ်းခြုံထားပြီး မျက်ခုံးသည် အဖြူရောင်ရှိသည်။ အမများကမူ ထူးခြားစွာ ကိုယ်ခန္ဓာ ရွှေဝါရောင်လွှမ်းကာ အချို့မှာမူ နီညိုရောင်အသွေးရှိသည်။ မျက်ခုံးအဖြူရောင်သည်ကား ခန္ဓာကိုယ်အရောင်နှင့် သိသာစွာကွဲပြားမှု မရှိပေ။

 

မြက်နု၊ သစ်ဖူး၊ သစ်ညွန့်နှင့် အချို့သစ်သီးများကို စားသုံးလေ့ရှိပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်အရှည် ၁၄၀ နှင့် ၁၅၀ စင်တီမီတာကြားရှိကြသော ဒရယ်များကိုလည်း အဆိုပါဘေးမဲ့တောအတွင်း တွေ့ရှိရသည်။ ၎င်းတို့ ၏အမြီးပိုင်းမှာ ၁၇ စင်တီမီတာနှင့် ၂၁ စင်တီမီတာကြား ရှိကြပြီး ထူးခြားချက်အနေဖြင့် နွေရာသီကာလအတွင်း အညိုရောင်ဖြစ်နေကာ မိုးရာသီ၌မူ မွဲပြာရောင်အဆင်းဖြင့် တွေ့ရတတ်သည်။

 

အပန်းဖြေခရီး

 

ဤဘေးမဲ့တောမှသည် ရီတောင်ခူးတောင်တန်း၏ ရှုခင်းပသာဒ အလှတရားနှင့် လက်ထုတ်နှင့် သောင်းခြေရေတံခွန်တို့သို့ အပန်းဖြေ ခရီးဖြင့် ရှုကြည့်ခံစားနိုင်ကြသည်။ ထိုမှတစ်လီ နာမည်ကျော် မေခ-မလိခ မြစ်ဆုံဒေသတစ်ဝိုက်နှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ဆောင်းခို ငှက်များကို လေ့လာနိုင်ရုံ သာမက မလိခအင်းမှ ခေါ်ဆက်အင်းသို့ သွားရောက်ပြီး ရေတိမ်ဒေသ ငှက်မျိုးစိတ်များကိုလည်း လေ့လာနိုင်ကြ မည်ဖြစ်သည်။

 

ထို့အပြင် ဤဘေးမဲ့တောအတွင်း ငှက်မျိုးစိတ်များဖြစ်သော အောက်ချင်း၊ အောင်လောင်၊ နဖားကြူး အမြီးဝိုင်းငှက်မျိုးစိတ်တို့ကိုလည်း တွေ့ရှိရသည်။

 

သို့ပင်ငြား ပိတောင်ဘေးမဲ့တောသည် နယ်မြေအခြေအနေအရ နယ်မြေဒေသတစ်ခုလုံးကို စေ့စပ်စွာ လှည့်ပတ်ထိန်းသိမ်းနိုင်ရန် ခက်ခဲ နေဆဲဖြစ်သည်။ လူသားနှင့်သဘာဝ သဟဇာတဖြစ်ဖြစ် မျှတစွာ အတူ ယှဉ်တွဲရှင်သန်နိုင်ရေး ကြားခံနယ်မြေနှင့် ဖွံ့ဖြိုးရေးစသည်တို့ကို ဖော်ထုတ်သတ်မှတ်ရန် စီစဉ်ထားရှိသည်ဆို၏။

 

အချုပ်ဆိုရပါသော် ကချင်ပြည်နယ်၏ အလှတန်ဆောင် ပိတောင် ဘေးမဲ့တောနယ်မြေတွင် ရှားပါးတောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင် များနှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိ စေရေး အလေးပေးဆောင် ရွက်သွားမည်ဖြစ်ရာ ဒေသခံ တိုင်းရင်းသားများ၏ အလုပ် အကိုင်ရရှိရေးနှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း စခန်းများ တည်ဆောက်ဖော် ဆောင်သွားရန် သစ်တော ဦးစီးဌာနက စနစ်တကျ စီမံချက်များ ချမှတ်ထားပါကြောင်း သတင်းစကား ပါးလိုက်ရပါသတည်း။ ။