“မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ဇာတ်ကား စကားဝိုင်း

မှတ်တမ်း - အောင်ကျော်ထက် (ပြန်/ဆက်)

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ကာလအတွင်း မဏ္ဍပ်များနှင့် ဖျော်ဖြေပွဲများ ရပ်ဆိုင်းထားချိန်တွင် ပြည်သူများ အပန်းဖြေကြည့်ရှုနိုင်ရန်အတွက် မြန်မာ့ရိုးရာသင်္ကြန်၏ ပုံရိပ်ကို ထပ်ဟပ်စေသည့် “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ဇာတ်ကား၌ ပါဝင်ခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသ ခဲ့ပါသည်။

 

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် အစီအစဉ်မှူးအဖြစ် အကယ်ဒမီ ဆွေဇင်ထိုက်၊ ‘မောင်တို့ ချယ်ရီမြေ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူ အကယ်ဒမီ အောင်လွင်၊ သရုပ်ဆောင် မယ်ဒဂုံမေမြင့်ရီနှင့် ဇာတ်ဝင်တေးသီချင်း သီဆိုသူ တေးသံရှင် ထားတို့၏ ပါဝင်ဆွေးနွေးခဲ့မှုများကို ဖော်ပြလိုက်ရပါသည်-

 

အကယ်ဒမီ ဆွေဇင်ထိုက်

မင်္ဂလာပါ ဒီနေ့မှာတော့ ‘သင်္ကြန်ရင်ခုန်သံ စကားဝိုင်းဆိုပြီးတော့ ရုပ်ရှင်ဇာတ်ကား တစ်ကားကို ဆွေးနွေးဖို့အတွက် ရွေးချယ်ထားပါတယ်။ ဒီကားကတော့ မြန်မာ့သင်္ကြန်ဆိုရင် မပြရင် မပြီးတဲ့ ‘မောင်တို့ ချယ်ရီမြေဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဦးအောင်လွင်ကို မေးချင်ပါတယ်။ ဒီကားကို ကြည့်တဲ့အခါမှာ ဇာတ်လမ်းဇာတ်ညွှန်းရေးတာက ဦးဝင်းဦး ဖြစ်ပါတယ်။ ဦးဝင်းဦးအနေနဲ့ ဒီကားကို ဘယ်လို Inspiration ယူခဲ့လည်း ပြောပြပေးပါ။

 

အကယ်ဒမီ အောင်လွင်

မန္တလေးရုပ်ရှင်ကနေပြီးတော့ ကမ်းလှမ်းပါတယ်။ ဦးတင်ယုနဲ့ ဦးဝင်းဦးတို့အတွဲကို မန္တလေးသင်္ကြန် ၁၉၆၃ ခုနှစ်အတွက် သင်္ကြန်အတွင်းရိုက်လို့ရတဲ့ ကားတစ်ကား ရိုက်ပေးပါပြောတယ်။ အဲဒီအခါမှာ သင်္ကြန်အနှံ့လည်ဖို့ သင်္ကြန်နဲ့ လိုက်လျောညီထွေပြနိုင်တဲ့ ကားတစ်ကားရှာတဲ့အခါ ကျတော့ လူငယ်သဘာ၀ Teenager အကြောင်းပေါ့။ ၁၉၅၆ ခုနှစ်လောက်ဆိုရင် Love Me Tender ဆိုတဲ့ကားနဲ့ Elvis Presley ဆိုတာပေါ်လာတယ်။ သူနဲ့ခေတ်ပြိုင်ပေါ်လာတာက Pat Boone ပေါ့။ Pat Boone က Rock & Roll မဆိုဘူး။ တည်တည်တံ့တံ့တွေ ဆိုတယ်။ Pat Boone ကလည်း Love Letters In the Sand တို့ ဆိုတာပေါ့။ အဲ့ဒီအတွက်ကို သူက ဘာကားတွေ ရိုက်တာလဲဆိုတော့ April Love ဆိုတဲ့ကားရိုက်တယ်။ နောက်ပြီးတော့ ‘မောင်တို့ ချယ်ရီမြေ ထဲမှာပါတဲ့ ဦးသန်းနွဲ့တို့၊ ဦးအောင်မိုးတို့ အပျော်သူငယ်ချင်းတွေ အတွက်ကို Bernardine ဆိုတဲ့ ကားရှိတယ်။ အဲဒီ နှစ်ကားကို ဦးတင်ယုနဲ့ ဦးဝင်းဦးကို ခေါ်ပြီးတော့ မန္တလေးရုပ်ရှင်က ပြတယ်။ အဲဒီကားနှစ်ကားကို ပေါင်းပြီး ပို့လိုက်တဲ့အခါကျတော့ Bernardine က သူငယ်ချင်းတွေ အများကြီးပါတယ်။ April Love ဇာတ်ကားမှာကျတော့ Kentucky ဆိုတဲ့ မြို့နယ်ပွဲ တစ်ပွဲမှာ ကောင်မလေးက မျက်နှာဖုံးနဲ့လှည့်တယ်။ အဲဒီနှစ်ခုယူရိုက်တဲ့အခါကျတော့ ‘မောင်တို့ ချယ်ရီမြေ ဖြစ်သွားရပါတယ်။

 

အကယ်ဒမီ ဆွေဇင်ထိုက်

တကယ်တမ်း ကျွန်မအနေနဲ့မြင်တာကျတော့ Con- cept ပေါ့။ Concept ကိုပဲ ယူလိုက်ပြီး Create လုပ်လိုက်တဲ့ အခါမှာ ဦးဝင်းဦး ထည့်ပေးလိုက်တဲ့ စာလုံးတွေက အလွန်ကောင်းပါတယ်။ ဇာတ်ညွှန်းရေးဆရာက စကားလုံး လည်း ကြွယ်၀တယ်။ ဒီဇာတ်လမ်းကိုပြတဲ့အခါ သတိထား မိတာက သီချင်းက ၁၃ ပုဒ် တောင်ပါတယ်။ သီချင်း ၁၃ ပုဒ်အကြောင်းကိုလည်း ပြောပြပေးပါဦး။ ဘယ်သူတွေ ရေးဖြစ်ခဲ့တာလဲ။

 

အကယ်ဒမီ အောင်လွင်

သီချင်းက နံပါတ်(၁)အနေနဲ့ မောင်တို့ချယ်ရီမြေ Theme Song ကို အလင်္ကာကျော်စွာ ဆရာကြီး ဦးရွှေ ပြည်အေး ဖြစ်ပါတယ်။ အဲဒါနဲ့အတူတူ ပါဝင်ခဲ့တာက ကိုအောင်ကိုဆိုတာ ပါပါတယ်။ စန္ဒရားအောင်ခင် ဆိုတာ ပါပါတယ်။ စိန်မြမောင်ဆိုတာ ပါပါတယ်။ နောက်ပြီး တော့ သင်္ကြန်သီချင်းတွေကို ဒေါ်မေမြင့်ရီတို့ဆိုဖို့၊ ကိုသန်းနွဲ့ တို့ဆိုဖို့ “ဟောဟိုမှာ ပွင့်တဲ့ပန်း ဘယ်ပန်းရယ်လို့ခေါ်တဲ့ ပန်း အဲဒီလို သီချင်းကို ဦးမောင်ကိုက ရေးပေးတယ်။ ပြီးတော့ ဒီကားထဲမှာ ဦးဝင်းဦးက နည်းနည်းတော့ ခေတ်စောတာပေါ့။ သင်္ဘောသားအဖြစ်နဲ့ ပြန်လာပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာ ကိုယ့်ယာတောကို ပြန်လာတဲ့အချိန်မှာ “ကိုယ်ပြန်လာသည်ဆိုတဲ့ သီချင်းကို စန္ဒရားလှထွဋ်က ရေးခဲ့ပါတယ်။

 

အကယ်ဒမီ ရွှေဇင်ထိုက်

Swing တွေလည်း ပါတယ်။ Rock တွေလည်း ပါတယ်။ Group လိုက်ဆိုတဲ့သီချင်းတွေလည်း ပါတယ်။ တေးရေး ဆရာများရဲ့ Contribution ပေါ့။ သူတို့ရဲ့ တီထွင်မှုကလည်း ဂုဏ်ယူရမှာ ဖြစ်ပါတယ်။

 

အကယ်ဒမီ အောင်လွင်

တစ်ဆက်တည်းပြောချင်တာက ဦးတင်ယုကလည်း Play- Back ကို ခေါ်တဲ့သီချင်းကို ရိုက်တာ အင်မတန် ဝါသနာပါတယ်။ သူတို့ကြောင့်လည်း ကျွန်တော်က Play-Back ဆက်တတ်လာတယ်။ ဦးဝင်းဦးကလည်း သီချင်းဆို ဝါသနာပါတယ်။ အဲဒီတော့ ဒီနှစ်ယောက်က ဆရာကြီးတွေ အကုန်လုံးကိုလည်း ပါစေချင်တယ်။ လုပ်ငန်းသဘောပေး ချင်တာလည်း ပါတယ်။ သူတို့ရဲ့ လက်ရာတွေကို စုထားခဲ့ ချင်တာလည်း ပါတယ်။ အဲဒါတွေကို စိန်မောင်ခြံမှာ တအုံ ကြီး နှစ်ရက်သုံးရက် သွင်းကြပါတယ်။ ကျွန်တော်တို့က ဘာလုပ်ရလဲဆိုရင် ရိုက်လိုက် သီချင်းဆိုလိုက်ပေါ့။ တေးသံရှင် ဒေါ်ထားတို့လည်း ပါတာပေါ့။ ကားရိုက်တဲ့အခါ ကျတော့ သူတို့က ပြင်ဦးလွင်မှာနေတယ်။ သူတို့ မော်တော် ကားနာမည်က မောင်တို့ချယ်ရီမြေ။ အဲ့ဒီကားက ပြင်ဦးလွင် ကနေ မန္တလေးဆင်းလည်မယ်။ ဇာတ်သဘောက မန္တလေး မှာ ရုပ်ရှင်မင်းသမီးနာမည်ကြီးနေတဲ့ ခင်သန်းနုလာလည် မယ်။ အဲဒါကို သွားငမ်းကြမယ်။ နောက်ပြီး တောင်ယာ၊ ယာခင်းပွဲတော်မှာ ခင်သန်းနုကို ဖိတ်မယ်။ မင်းတာဝန် ငါ့တာဝန် မဲနှိုက်ပေါ့လေ။ အဲဒီကိုသွားဖို့ လုပ်ရင်းကနေ ကဲ ကောင်းပြီ သင်္ကြန်လှည့်ဖို့ ဘယ်မှာလဲသီချင်း၊ သင်္ကြန် လှည့်ဖို့ သီချင်းမရှိဘူး။ စန္ဒရားလှထွဋ်က ‘ကိုယ်ပြန်လာ သည် တစ်ပုဒ် ပြီးသွားပြီ။ မန္တလေးခြံမှာ သူက သူ့မိသားစု ရှိတဲ့ မန္တလေးကို သင်္ကြန်အခါကာလမှာ အမြဲတမ်း ပြန်နေ ကျဖြစ်ပါတယ်။ ပြန်နေရာကနေ ကိုလှထွဋ်ကို ကပျာကယာ ခေါ်ပြီးတော့ ခြံထဲမှာပဲရှိတဲ့ စန္ဒရားနဲ့ မြို့မအဖွဲ့တွေနဲ့ ‘မန်းမြို့သူဇာမေ သီချင်းကို စပ်ခဲ့တာပါ။

 

အကယ်ဒမီ ဆွေဇင်ထိုက်

ထူးထူးခြားခြားပေါ့။ မမထားရယ် အဲဒီမှာ မခင်သန်းနု နဲ့ လေ Love Scene လေးမှာ နှစ်ယောက်စုံတွဲဆိုတာ ရှိပါ တယ်။ အဲဒီတုန်းက အဆိုတော်များဟာ သီချင်းများကို Onset ပေါ်မှာပဲ မြင်ရတယ်။ တစ်ခါတည်း စန္ဒရားနဲ့ကြောင်း ပေးလိုက်တာကို သွင်းကြရတယ်။ အဲဒီအလေ့အထလေးကို ရှင်းပြပေးပါဦး။

 

တေးသံရှင် ထား

အဲဒီအလေ့အထကတော့ မမတို့ ငယ်ငယ်တုန်းက ဆရာကိုဆိုတဲ့ မမတို့ဆရာပေါ့လေ။ သီချင်းကို သေချာ ကျကျနန Key ချိန်လေ့မရှိဘူး။ သူက သိတယ်လေ။ ဒီအသံဟာ ဘယ် Key မှာ ဘယ်သံဆုံးတယ်။ ဘယ် Key မှာ ညာသံဆုံးတယ်ဆိုတာ သိပြီးသား။ Key ပြန်ထည့်စရာမလိုဘူး။ ချက်ချင်း သူ့ဟာသူ သီချင်းတွေ အသံသွင်းနေတုန်း အတင်းနားထောင်ရတယ်။ သူ့စိတ် ထဲမှာ ရသလောက်ဆိုသွင်းမယ်။ အဲဒီလိုလုပ်တာ သွင်းမယ်ဆို ကြောက်တာပေါ့။ သိပ်မရသေးဘူးလေ။ အဲဒီလိုသွင်းလိုက်ရင်း၊ သွင်းလိုက်ရင်းနဲ့ပဲ ရသွားတာ ပေါ့လေ။ ငယ်သေးတော့လည်း ဉာဏ်ကကောင်းတာပေါ့။

 

အကယ်ဒမီ ဆွေဇင်ထိုက်

အစ်မတို့ ခေတ်တုန်းကပေါ့။ အန်တီ မာမာအေး၊ တို့၊ မမထားတို့၊ မမတင်တင်လှတို့ဆိုတာ ရုပ်ရှင်နောက်ခံ တေးသီချင်းများကို ဆိုပေးရင် ဘာ Acting လုပ်ရမယ် ဆိုတာ Expression ကိုရတယ်။ အဲဒီဟာလေးအကြောင်း ကိုလည်း ပြောပြပါ။

 

တေးသံရှင် ထား

တို့တွေကလည်း ရုပ်ရှင်သီချင်းဆိုရတဲ့အတွက် ကြောင့် တစ်နည်းအားဖြင့် ကိုယ့်မှာလည်း ပညာရတယ်။ ဘာလို့လဲ ဆိုတော့ ရုပ်ရှင်သီချင်းဆိုတာ အစုံဆိုရတယ်။ ဥပမာ - ရည်းစားနဲ့ ချိန်းတွေ့တာပျော်ကြတယ်။ ဆိုကြ တယ်။ နောက်ကိုယ်တစ်ယောက်တည်း မြူးတယ်။ ပျော်တယ်။ ဒါမှမဟုတ်လည်း လွမ်းလို့ အလွမ်းသီချင်း အဲဒီလိုလေး ရသစုံအောင် ဆိုရတဲ့အတွက်ကြောင့် အဆိုတော်အနေနဲ့လည်း ရုပ်ရှင်သီချင်းသည် ပညာ ရတယ်။

 

အကယ်ဒမီ ဆွေဇင်ထိုက်

ဟုတ်တယ်၊ အကုန်လုံး ဝိုင်းလုပ်ရတာပေါ့။ ကိုယ့်ကျွမ်းကျင်ရာ ကျွမ်းကျင်ရာကို ဒီကားကြီး ကောင်းဖို့အတွက်ဆိုပြီး ထည့်ရတာပေါ့။

 

တေးသံရှင် ထား

မောင်တို့ချယ်ရီမြေ သွင်းတုန်းကလည်းလေ ဆရာ ရွှေပြည်အေးကလည်း ရှိတယ်ဆိုတော့ ကိုယ်ကြောက် ရတဲ့ လူကြီးတွေပဲ ဖြစ်နေရတော့ တုန်တုန်ချည့်ချည့် လေးနဲ့ပေါ့။

 

အကယ်ဒမီအောင်လွင်

အဲဒီ ကြောက်တဲ့အသံလေးကိုက ကောင်းနေတာတဲ့ ပြောကြသေးတာ။ အဲဒီတုန်းက ပြောကြသေးတာ။ မမီမကမ်းလေးဖြစ်နေတာကို ကောင်းတယ်တဲ့။ အဲဒီလို ပြောကြသေးတာ မှတ်မိသေးတယ်။

 

တေးသံရှင် ထား

ကြောက်ကြောက်ရွံ့ရွံ့နဲ့ဆိုတာပေါ့။ တုန်တုန် ချည့်ချည့်နဲ့ဆိုလိုက်ရတာ အဲဒီတုန်းက ကိုယ့်စိတ်ကြိုက် မဟုတ်ဘူး။ ခုလိုဆိုမယ်ဆိုရင် ကိုယ့်စိတ်ကြိုက်ဆိုမယ်။ အရင်တုန်းက စိတ်ကြိုက်တော့မဟုတ်ဘူး။ လူကြီးတွေ ဘာများ ပြောမလဲ။ ဆူများ ဆူမလားဆိုတဲ့စိတ်လေးက လည်းပါနေတယ်။ အဲဒီစိတ်နဲ့ ဆိုလိုက်ရတာပါ။

 

အကယ်ဒမီ ဆွေဇင်ထိုက်

သရုပ်ဆောင်များအကြောင်းကိုလည်း ထည့်ပြီး ပြောချင်ပါတယ်။ သရုပ်ဆောင်ထဲမှာတော့ အဓိက သရုပ်ဆောင်ကတော့ မမခင်သန်းနု ဖြစ်ပါတယ်။ ဒါပေမယ့်လို့ မမခင်သန်းနုနဲ့တွဲပြီး ပါလာခဲ့တော့ မမေမြင့်ရီ ဖြစ်ပါတယ်။ အစ်မ မေမြင့်ရီဟာ မယ်ဒဂုံလည်း ဖြစ်တယ်။ ပြီးတော့ ဒီရုပ်ရှင်ကားကို ဘယ်လိုလေးများ ရိုက်ဖြစ် သွားလဲဆိုတဲ့အကြောင်းကို ရှင်းပြပေးပါလား မမ။

 

သရုပ်ဆောင် မေမြင့်ရီ

အဲဒီရုပ်ရှင်ကားကိုတော့ ကိုဝင်းဦးကနေ ‘ဟဲ့ မြင့်၊ နင် အဲဒီအခန်းမှာ ပါမလား၊ ပါလို့ရှိရင် ငါနင့်ကို ထည့်ရိုက် မယ်။ ‘ဟာ အစ်ကို ကြိုက်တာလုပ် မြင့်ကတော့ ဘာမှ တော့ မပြောဘူးလို့၊ ဒါရိုက်တာကလည်း ကျွန်မ အစ်ကို ဝမ်းကွဲတော်တယ်လေ။ မြင့်တို့နဲ့ဆို မောင်နှမတစ်ဝမ်း ကွဲတော်တယ်။ အစ်ကိုကလည်း မေမြင့်ရီဆို ထည့်လိုက်၊ ထည့်လိုက်ဆိုတော့ အဲဒီတုန်းက ကလေးနှစ်ယောက် ရှိနေပြီ။ ကလေးနှစ်ယောက်နဲ့ အစ်ကိုကလည်း ဖြစ်ပါ့ မလားဆိုတော့၊ ဟာ - ဖြစ်တယ်၊ ဘာဖြစ်လဲ ကလေးရှိ လည်း ခုချိန်က ဖြစ်တယ်။ အဲဒါနဲ့ ကဲ ရိုက်မယ်ဆိုပြီး တော့ ထည့်ရိုက်ရော။

 

ဘယ်အခန်းကလဲဆိုတော့ ခင်သန်းနုရဲ့အစ်မအခန်းက ရိုက်ရတယ်။ ခင်သန်းနုကို လိုက်ထိန်းရတာပေါ့။ ရိုက်တဲ့အခါကျတော့ သူက “မမြင့်ရယ် ကျွန်မလေ သင်္ကြန်ဆိုတစ်ခါမှ မလည်ဖူးဘူး။ မန္တလေးသင်္ကြန်ကို သူလည်ချင်တယ်ဆိုတော့ “ကဲ လည်ချင်ရင် ဘယ်လို လုပ်မှာတုန်းဆိုတော့ “ဟာ အစ်မ သမီးက ဉာဏ်ရှိတယ် တဲ့။ ပြောမယ်ပြောမယ်တဲ့။ ပြောလည်းမပြောဘူး။ သူကလေ တစ်ခါတည်း မြင့်ကနေ ဟိုသူ့ကို အင်္ကျီလေး ချုပ် ပေးတယ်။ ချုပ်တဲ့အခါကျတော့ လက်ကိုအပ်စူးသွား ရော။ စူးတဲ့အခါကျ ကမန်းကတန်းသွားပြီး တင်ချာ သွားယူမယ် ဆိုပြီး လျှောက်ရှာ။

 

ရှာတဲ့ အချိန်မှာပဲ သူက တစ်ခါတည်း အဝတ်အစား တွေလဲ ဦးထုပ်လေးဆောင်း ပြီးတော့ လစ်ထွက်သွား ရော။ ထွက်သွားတာကို မမြင့်က မသိဘူး။ ဟဲ့ ခင်သန်းနု ဘယ်ရောက်နေတုန်း လိုက်ရှာတာ မတွေ့ဘူး။ ဒီကောင် မလေး ဘာလုပ်သွားတာတုန်း မသိဘူးဆိုပြီး အဲဒါနဲ့ မမြင့်က အခန်းထဲဝင်ပြီး ခင်သန်းနု ရဲ့ မျက်နှာဖုံးနဲ့ သူ့အဝတ်အစားကြီးဝတ်ပြီးတော့ နေနေရော။ ဦးထွန်း ရွှေက ရောက်လာတယ်။ “ဟဲ့ ခင်သန်းနု နင်ထွက်ရ တော့မယ်။ ဘာလုပ်နေလဲဆိုတော့ “ဒီမှာလေ ခင်သန်းနု ဆိုတော့ “ဟဲ့ မေမြင့်ရီ ဘယ်လို ဖြစ်တာ တုံး ဆိုတော့ “အဲဒီလို အဲဒီလိုပဲဖြစ်တယ် အစ်ကိုရဲ့ ဘယ်လိုလုပ်မတုံး” ဆိုတော့ “အေး အဲဒီတော့ နင်ပဲထွက်တော့ တဲ့။

 

အကယ်ဒမီ ဆွေဇင်ထိုက်

အဲဒီမှာ မမတို့ဝတ်ထားတဲ့ အဝတ်အစားတွေက ကျွန်မတို့ အခုပြန်ပြီး ဝတ်နေရတဲ့ ထုပ်သီးကြယ်သီး တွေပေါ့။ သိပ်ကို ခေတ်မီပါတယ်နော်။ အဲဒီ ဒီဇိုင်းတွေက ဘယ်သူထုတ်ပေးတာလဲ မမ။

 

သရုပ်ဆောင် မေမြင့်ရီ

အဲဒီ ဒီဇိုင်းတွေကတော့ ရုပ်ရှင်မင်းသား အေဝမ်း သိန်းဇော်ရဲ့ ညီမနှစ်ယောက်ရှိတယ်။ ညီမနှစ်ယောက် ကနေပြီး “ကဲ မြင့်ရေ၊ အဲဒီအခန်းမှာပါမယ်ဆိုရင် ငါတို့ ချုပ်ပေးမယ်ပေါ့

 

အကယ်ဒမီ ဆွေဇင်ထိုက်

ဒီအေဝမ်းရဲ့ ရုပ်ရှင်တွေကလည်း သူတို့ကိုယ်တိုင် အင်္ကျီဒီဇိုင်းတွေထွင်ပြီး ချုပ်တာ နာမည်ကြီးပါတယ်။ အခု ဘာအကြောင်းကို စိတ်ဝင်စားလဲဆိုတော့ လူအုပ် ကြီးနဲ့၊ လူတွေအများကြီးနဲ့ ရုပ်ရှင်ကားထဲမှာ မြင်ရတာ သိပ်ကို အားရဖို့ကောင်းတာပဲ။ အဲဒီတော့ အဲလူအုပ် Scene တွေနဲ့ ဒီသင်္ကြန် ၁၉၆၃ ခုနှစ် သင်္ကြန်ကြီးကို ဘယ်လိုတွေ ရိုက်ခဲ့လဲဆိုတာ ပြန်ပြောပြပေးပါဦး။

 

အကယ်ဒမီ အောင်လွင်

မည်သို့ပင်ဖြစ်စေကာမူပေါ့။ မန္တလေးရုပ်ရှင်ဆိုတာ က မန္တလေးမှာရှိတဲ့ ဥပမာ အဘရွှေမန်းတင်မောင်တို့ ပါခဲ့တယ်။ တခြားနာမည်ကြီးတဲ့ ဥပမာ ကိုဇော်မြင့်ရဲ့ အဘိုးဖြစ်တဲ့ ဒါးတန်း ဦးသန့်တို့ ပါခဲ့တယ်။ ဝါးတန်းက ဦးအေးမောင်တို့ ပါခဲ့တယ်။ အဲဒီလိုလူကြီးတွေကနေ ရှယ်ယာလုပ်ပြီး ပါခဲ့တယ်။ ဒါကိုတစ်ခုပြောချင်တဲ့စကား က ဒီမျက်နှာကြီးတွေက သူတို့သိက္ခာနဲ့ဂုဏ်တွေနဲ့ဟာ မြို့ပေါ်ကလူတွေ အလှူဆိုလည်း သူတို့ဝင်ပါကြတယ် ဆိုတော့ ဒီမန္တလေးကလူသိများတဲ့ ပုဂ္ဂိုလ်ကြီးတွေက ထူထောင်ထားတဲ့ မန္တလေးရုပ်ရှင်က ရိုက်တဲ့ကားဆိုတော့ အလိုလို ကြည်ညိုပြီးသား ဖြစ်တယ်ပေါ့။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ ဒီပင်လယ်ဓားပြလုပ်တဲ့ Pirate သင်္ဘောကြီးကိုဆောက်၊ အဲဒီအပေါ်မှာ ခင်သန်းနုက မျက်နှာဖုံးနဲ့ ပင်လယ်ဓားပြ အဝတ်အစားနဲ့လှည့်တဲ့ အခါမှာ ဘေးကနေ ကားရိုက်အဖွဲ့ကလည်း ကြိုးနဲ့ ကွယ်ပြီးတော့ ဆွဲရတယ်။ လိုက်ကြည့်တဲ့လူတွေက တလေးတစားနဲ့ လိုက်ကြည့်ကြတယ်ပေါ့နော်။ နောက်တစ်ချက်က အခုလို ရေပက်တာ မသောင်းကျန်းဘူး။

 

အကယ်ဒမီ ဆွေဇင်ထိုက်

ဟုတ်တယ်။ အဲဒါလည်း သတိထားမိတယ်။ ဒီလောက်လူတွေအများကြီးနဲ့ရှိနေတာ ရေပက်တာတွေ အော်တာ၊ ဟစ်တာ၊ ခုန်တာ၊ ပေါက်တာတွေ လုံး၀ အနှောင့်အယှက်မရှိဘူး။

 

အကယ်ဒမီ အောင်လွင်

မရှိဘူး။ (၂) အချက်က မန္တလေးက မူလအခြေခံကိုက သူတို့က ယဉ်ကျေးတဲ့ မြို့တစ်မြို့လို့ သတ်မှတ်ထားတယ်။ သင်္ကြန်တွင်းဆိုရင် အကနဲ့ဖျော်ဖြေကြတာ ပိုများတယ်။ အလှလှည့်တာ များတယ်။

 

တေးသံရှင် ထား

သင်္ကြန်တွင်း ညနေ ၆ နာရီဆို ဘယ်သူမှ ရေမပတ် တော့ဘူး။ ဘာလို့လဲဆိုတော့ လျှောက်လည်ဖို့အတွက် အဲဒီအချိန်က အဲဒီလို ပြင်ဆင်ကြပြီလေ။

 

အကယ်ဒမီ အောင်လွင်

အဲဒါကြောင့် ဒီလူအုပ် Scene တွေမှာ ဘာမှအနှောင့် အယှက်မရှိဘဲနဲ့ ဝိုင်းကူညီသလို လုပ်ခဲ့ကြတာတွေ့ရ ပါတယ်။

 

အကယ်ဒမီ ဆွေဇင်ထိုက်

အဲဒီထဲမှာပါတဲ့ Character တွေ အကြောင်းကို ပြောကြည့်ရအောင်ပေါ့။ ဟို ဦးဝင်းဦးက လူငယ်လေး ဖြစ်တယ်။ သူက တစ်နယ်တစ်ကျေးကနေမှ တစ်ယောက် ကိုလာပြီး ချစ်ရတာမျိုးပေါ့။ နောက် မခင်သန်းနုက ရုပ်ရှင်မင်းသမီးဖြစ်တယ်။ ဒါကြောင့် သူက ပွင့်ပွင့်လင်းလင်း ပေါ့။ Introvert ပေါ့။ ပြောတာဆိုတာ ရဲရဲတင်းတင်း ရှိတယ်။ နောက် ဦးသန်းနွဲ့ဆိုတဲ့ လူရွှင်တော်ကလည်း လူရွှင်တော် ဆိုပေမယ့်လည်း ကျွန်မ သတိထားမိတယ်။ သူတို့ရဲ့ သရုပ်ဖော်မှုတွေကို အယ်ဒီတာတစ်ယောက်အနေနဲ့ ဘယ်လိုတွေလုပ်ခဲ့ရလဲဆိုတာ ပြောပြပါဦး။

 

အကယ်ဒမီ အောင်လွင်

ဦးဝင်းဦးရဲ့ Character က ဒီကားထဲမှာ ဇာတ်အရ ဖြစ်လာရတာပေါ့။ ဒီကားထဲမှာ သူဟာ ရုပ်ရှင်ဝါသနာ ပါတဲ့ လူတစ်ယောက်ဖြစ်တယ်။ ရုပ်ရှင်ဝါသနာပါတဲ့ လူတစ်ယောက်ဖြစ်တဲ့အခါကျတော့ ရုပ်ရှင်ဝါသနာ လုပ်လို့ဆိုပြီး မေမြို့ကိုလာရိုက်တဲ့ ရုပ်ရှင်အဖွဲ့တစ်ဖွဲ့နဲ့ ပါသွားတယ်။ ပါလည်းပြီးရော ကလေကချေဖြစ်ပြီး ပျက်စီးသွားတယ်။ သူပြန်လာတဲ့အချိန်မှာ သူ့အမေ မုဆိုးမကြီးက သေသွားရှာတယ်။ အဲဒါကိုက ဦးဝင်းဦးရဲ့ ထုံးစံအတိုင်းပေါ့။ O. Henry တို့ ဇာတ်ရေးသလိုပေါ့။ နောက်ဆုံးမှာ Twist ဝှက်ထားတာပေါ့။ နောက်ဆုံးမှာ ပြောတာပေါ့။ ဒီအပေါ်မှာ မူတည်ပြီးတော့ သူ့အမေရဲ့ မောင်ဖြစ်တဲ့ ဦးချန်ထွန်းဆိုတဲ့ မန္တလေးရုပ်ရှင်က လူကြီးက သူ့ကို ကြည့်လို့မရဘူး။ မင်းအဲဒီလိုဖြစ်တဲ့ အတွက်ကို ‘ခွေးမြီးကောက်ကျည်တောက်စွပ် ဆူခံရတာပေါ့။ အဲဒီလိုနဲ့ သူက ရုပ်ရှင်ကို စိတ်နာရတဲ့ ဘ၀ကို ရောက်သွားတယ်။ အဲဒီအချိန်မှာ သူမထင်မှတ်ဘဲ သူနိုင်ငံခြားရောက် နေတုန်းမှာ ခင်သန်းနုက နာမည်ကြီးနေပြီ။ ဒီရောက်တဲ့အခါ ခင်သန်းနုက ရူးချင်ယောင်ဆောင်ပြီး ရုပ်ဖျက်လာတဲ့အခါ ကျတော့ ခင်သန်းနုကို တကယ့်ရိုးရိုးမိန်းကလေးထင်ပြီး ချစ်သွားတယ်။ ချစ်သွားတဲ့အခါကျမှ အကုန်လုံးကနေ ပြီးတော့ ခင်သန်းနုက ရည်းစားရနေပြီဆိုပြီး တော့ စာစောင်ထဲမှာပါတယ်။ ဦးထွန်းရွှေက မွှေလိုက်တဲ့အခါ ကျတော့ သူ့ဦးလေးက အကြီးအကျယ် ဆူတာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီး သူက ဝမ်းနည်းရတယ်။ စိတ်မကောင်းဖြစ်ရတယ်။ ဒါက သူ့ Character ပါ။ ခင်သန်းနုရဲ့ Character ကတော့ ပွင့်ပွင့်လင်းလင်းနေမယ်။ ရုပ်ရှင်မင်းသမီးဆိုတာ သူ့အလုပ်ပဲ။ ကိုယ့်ရဲ့ လွတ်လပ် ခွင့်နဲ့နေမယ်။ အဲဒီ Character ပါ။

 

အကယ်ဒမီ ဆွေဇင်ထိုက်

ဒီထဲမှာ ဦးထွန်းရွှေကလည်းပဲ Shape Shifter လို့ ခေါ်တာပေါ့။ သူရဲ့ Role ကလည်းရှိတော့ သူရဲ့ Character အကြောင်းပြောပြပါဦး။

 

အကယ်ဒမီ အောင်လွင်

ဘောလုံးစကားပြောရရင် ဦးထွန်းရွှေက ဒီကားထဲမှာ Blender ပါ။ ဦးထွန်းရွှေက ပြဇာတ်က လာတယ်။ ကျွန်တော်သိသလောက် လူကြီးတွေပြောတဲ့စကား ကြားရ တာတော့ ဦးထွန်းရွှေက ပြဇာတ်မှာ သီချင်းဆိုရင် သီချင်း စာသား ဘယ်တော့မှ မရဘူး။ သူ့ပါးစပ်ထဲတွေ့တဲ့ စာသား လုပ်ဆိုတာ။ အဲဒီဟာတော့ မမှားဘူး။ တီးတာနဲ့တော့ အကိုက်ပဲ။ ဒါပေမယ့် သူ့စာသားက သင်ပေးထားတဲ့ စာသားမဟုတ်ဘူး။ အဲဒီလို တရုတ်အဘိုးကြီး ဖြစ်ပါတယ်။ ပျော်စရာကောင်းပါတယ်။ တော်ပါတယ်။ ဦးဝင်းဦးရဲ့ ကားရိုက်လက်ခံတာတို့၊ ငွေကြေးလက်ခံတာတို့၊ မန်နေဂျာ အဖြစ်နဲ့ အကြာကြီးနေခဲ့ပါတယ်။

 

အကယ်ဒမီ ရွှေဇင်ထိုက်

ဦးထွန်းရွှေကို အဖေတစ်ခု သားတစ်ခု ဇာတ်ကားမှာ ကျွန်မ ရိုက်ဖူးပါတယ်။ သရုပ်ဆောင်တာ တော်တော် ပီပြင်ပါတယ်။ ကျွန်မအနေနဲ့ ပိုပြီးစိတ်ဝင်စားတာက အဲဒီတုန်းက ရိုက်ခဲ့တဲ့ Setting တွေပေါ့။ Setting တွေကို မန္တလေးမှာလည်း ရိုက်တယ်။ ရန်ကုန်မှာလည်း ရိုက်တယ် ပြောတယ်။ Studio ကြီးတွေနဲ့ ရိုက်တာလို့ ထင်ပါတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။

 

အကယ်ဒမီ အောင်လွင်

မောင်တို့ချယ်ရီမြေ ဇာတ်ကားကတော့ မန္တလေးမှာ အကုန်လုံးရိုက်ခဲ့တယ်။ ဘာလို့ Studio မှာ ရိုက်လဲ ဆိုတော့ ကျွန်တော်တို့အရွယ်ရောက်လာတော့ အခု သူများ အိမ်တွေမှာ ရိုက်တဲ့အခါ မီးချိန်ရတာ မလွယ် ဘူး။ နောက်ပြီးတော့ မင်းသား၊ မင်းသမီးကို သင်ရတာ မလွယ်ဘူး။ ခြံထဲမှာ ကိုယ့်မိသားစုတွေပြောတော့ ကိုယ်နားထောင်တယ်။ တစ်ခုခုဆူလိုက်လို့ အခုခြံတွေ မှာ၊ သူများတွေရှေ့မှာ၊ သူများအိမ်တွေမှာ တက်ရိုက် တော့ အဆူခံရတဲ့အခါ သူလည်း မျက်နှာပျက်သွားတော့ မကောင်းတော့ဘူး။ သူ Acting လုပ်ရတာလည်း သူပေါ ချင်တိုင်းပေါမှာကို အမြင်မခံချင်ဘူး။ သူငိုချင်ငိုမယ်။ ကားအတွက်ကောင်းဖို့ ဦးတည်ချက်အပျက်မခံတဲ့ အတွက် Studio ရိုက်တာ အကောင်းဆုံးလို့ ကျွန်တော် ထောက်ခံပါတယ်။

 

အကယ်ဒမီ ဆွေဇင်ထိုက်

ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်တဲ့အချိန်မှာ Post Production အကြောင်းကိုလည်း စိတ်ဝင်စားတယ်။ ဘာလို့လဲဆိုတော့ မခင်သန်းနုနဲ့ ဦးဝင်းဦး သီချင်းလေး တစ်ပုဒ်တည်း တိုတိုလေးဆိုသွားတဲ့ အချိန်တွင်းမှာ Cast ပေါင်း မြောက်မြားစွာ ဖြတ်သွားတာတွေ့တယ်။ နောက် ဟိုဘက် ဒီဘက် မျက်လုံးတွေကအစ Continued ကိုက်တာကိုလည်း တွေ့တယ်။ အဲဒါကို ဘယ်လိုလုပ်ခဲ့ လဲဆိုတာ ပြောပြပါဦး။

 

အကယ်ဒမီ အောင်လွင်

အဲဒါက ဆရာဦးတင်ယု ရိုက်ကတည်းက ပါတာပေါ့။ နောက်တစ်ခုက ကားဆက်တဲ့ လူတစ်ယောက်ရဲ့ တကယ့် စျေးချုပ်မဟုတ်ဘူး။ ရောင်းရပြီးရောဆိုပြီး လုပ်တာ မဟုတ်ဘူး။ ဒါနဲ့ ဆက်ထားတယ်။ ဆက်ထား ပြီးရင် အိပ်ရာပေါ်လှဲပြီး (သို့မဟုတ်) ညတစ်ရေး အိပ်ဖြစ်ဖြစ် ပြီးရင် Edit လုပ်ပြီးသားကို ဟိုဟာလုပ်လိုက် ပိုကောင်းမယ် ထင်တယ်ဆိုပြီး လုပ်ပြီးသားတွေကို အကုန်လုံးပြန်ဖျက်ပြီး ပြန်ဆက်တယ်။

 

အကယ်ဒမီ ဆွေဇင်ထိုက်

ဝီရိယကောင်းတာပေါ့။ အားစိုက်တာပေါ့။

 

အကယ်ဒမီ အောင်လွင်

အဲဒါမျိုး Editor တိုင်းမှာ ရှိသင့်တယ်။ ကြာတော့ ကြာတယ်။ ကိုယ်လည်းပင်ပန်းတယ်။ ဒါပေမယ့် ပရိသတ်မှာ အလွန်ကောင်းသွားတယ်။

 

အကယ်ဒမီ ဆွေဇင်ထိုက်

ပရိသတ်ပေါ်မှာ စေတနာထားတယ်။ Technician အနေနဲ့လည်း ဇာတ်လမ်း Flow ကို ခံစားပြီးလုပ်တယ်။ အဲဒါတောင်မှ အဲဒီအချိန်တုန်းက Edit က ဖလင်တွေကို ကတ်ကြေးနဲ့ ညှပ်ပြီးဆက်ရတယ်။ နောက်ဆုံးပြောချင် တာတော့ အုပ်စုလိုက်တွေကို ရိုက်တဲ့အခန်းတွေမှာဆိုရင် စိတ်အဝင်စားဆုံးကတော့ သင်္ကြန်ကို အမျိုးသားတွေ ချည်းပဲ ‘မောင်တို့ ချယ်ရီမြေ ဆိုတဲ့ကားနဲ့ လည်တဲ့ အခါမှာ လည်စည်းလေးတွေဆင်တူနဲ့ လည်ပင်းလေး တွေ စည်းထားတာတွေ့တယ်။ အဲဒီလိုမျိုး Fashion တွေလုပ်တဲ့နေရာမှာ အဲဒီအချိန်တုန်းက မမေမြင့်ရီတို့ အနေနဲ့ စီစဉ်ပေးတဲ့လူတွေနဲ့ ဘယ်လိုများညှိပြီး လုပ်တာလဲ။ သူတို့ Idea နဲ့ Fashion ထုတ်လာတာလား။

 

သရုပ်ဆောင် မေမြင့်ရီ

သူတို့ဟာ သူတို့ ချုပ်တာပဲ။

 

အကယ်ဒမီ အောင်လွင်

ကျွန်တော်နားလည်သလောက်ပြောရရင် ဦးဝင်းဦး Idea ပါ။

 

အကယ်ဒမီ ဆွေဇင်ထိုက်

ကျွန်မတို့ မြန်မာ့ရုပ်ရှင်ဟာ စနစ်တကျလည်း ရိုက်ခဲ့ ပါတယ်။ စနစ်တကျ ရိုက်ခဲ့တဲ့အတွက်ကြောင့်လည်း ကောင်းတဲ့ကားတွေ၊ ဂန္ထဝင်မြောက်တဲ့ကားတွေလည်း ဖြစ်ခဲ့ပါတယ်။ အမှတ်တရတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလို ‘မောင်တို့ချယ်ရီမြေလို ဂန္ထဝင် မြောက်တဲ့ ဇာတ်ကားများ နောင်မျိုးဆက်များ ထုတ်လုပ်နိုင်ပါစေ။ ကျွန်မတို့လည်း ကြည့်သွားရနိုင်ပါ စေလို့ ဆုတောင်းရင်း ဒီစကားဝိုင်းလေးကို အဆုံးသတ် ပါရစေ။ တစ်ခေတ်တစ်ခါက မြန်မာ့ဂန္ထဝင်မြောက် ဇာတ်ကားများကို အမှတ်တရဖြစ်နိုင်ပါစေ။ ။