မောင်တောမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ် အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

 

မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အာဟာရဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

အဆိုပါအစီအစဉ်အရ ယနေ့နံနက်ပိုင်းမှစ၍ လူမှုဝန်ထမ်းဦးစီးဌာန မောင်တောမြို့နယ်တာဝန်ခံ ဦးကျော်အောင်စိန်၊ ကျန်းမာရေးဌာနမှ ဒေါ်စောအေးဖြူနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အာဟာရဖွံ့ဖြိုးရေးအတွက် တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ နှုန်း ထောက်ပံ့ပေးအပ်ပြီး ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ယနေ့တွင် မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင် ၈၄ ဦးနှင့် အသက် ၂ နှစ်အောက် ကလေးငယ် ၄၆၂ ဦး စုစုပေါင်း ၅၄၆ ဦးအား တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၄၅၇၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ မောင်တောမြို့နယ်အတွင်း ကျန်ရှိသည့် ကျေးရွာအုပ်စုများကို ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်မှုများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စသည့် ဒေသများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက အစီအစဉ်များရေးဆွဲပြီး လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်တွင် ဘဝတစ်လျှောက်လုံး ကိုယ်ဝန်ဆောင်မိခင်ဘဝမှအစ သက်ကြီးရွယ်အိုအထိ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်း-MKT
ဓာတ်ပုံ-ကျော်အောင်စိန်