မောင်တောမြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၁၄.၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ 

နေပြည်တော်  ၃၁  မေ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည်  မေ ၃၀ ရက်  မွန်းလွဲ ၁ နာရီခန့်တွင် မောင်တောမြို့နယ်၊ မြို့မကညင်တန်း (အလယ်) ကျေးရွာနေ ဂျူဟာရ်ဟူဆိန်း(၆၅)နှစ်နှင့် သမီးဖြစ်သူ မရေခါယာဒ်ဖာတေမာ (၂၅)နှစ်တို့ နှစ်ဦးအား တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၄ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မတ် ၂ ရက် ညနေ ၅ နာရီခန့်တွင် မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ အငူမော်လမ်း မဘေး၊  ကားဝပ်ရှော့အနီးတွင် မြင့်စိုး(၃၁)နှစ်နှင့်အတူ xxxx HINO အမျိုးအစား မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၇၇၅,၀၀၀  ဖမ်းဆီးရမိသဖြင့် ပြင်ဖြူနယ်မြေရဲစခန်း မယ(ပ) ၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အရေးယူထားရှိပြီး ကွင်းဆက် တရားခံပြေး နော်ဘီမုလ်ဂျူဟာရ် (ခ)ဇော်ဝင်းအား စုံစမ်းဖော်ထုတ်အတည်ပြုချက်အရ မောင်တောမြို့နယ်၊ မြို့မ ကညင်တန်း (အလယ်) ကျေးရွာရှိ နော်ဘီမုလ်ဂျူဟာရ် (ခ)ဇော်ဝင်း၏ နေအိမ်အား စစ်ဆေးရှာဖွေရာ အဆိုပါ နေအိမ်တွင် တရားပြေး၏ ဖခင်ဖြစ်သူ ဂျူဟာရ်ဟူဆိန်းနှင့် တရားခံပြေး၏ ဇနီးဖြစ်သူ မရေခါယာဒ်ဖာတေမာတို့ ၂ ဦးအား တွေ့ရှိပြီး အဆိုပါနေအိမ် မီးဖိုချောင်ရှိ‌ မြေအောက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀  တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၄ ဒသမ ၂ ဘီလီယံနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မောင်တောမြို့မ ရဲစခန်းက  အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်