မောင်တောမြို့၌ တရားမဝင် ရွှေထည်ပစ္စည်း သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

မောင်တော   စက်တင်ဘာ    ၂၇

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငွေတောင်-ကျီးကန်ပြင် ကားလမ်း၊ အောင်ဇေယျကျေးရွာ ဝင်လမ်းအနီးတွင် စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တရားမဝင် ရွှေထည်ပစ္စည်း သယ်ဆောင်လာသူများ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ ငွေတောင်-ကျီးကန်ပြင်သွား ကားလမ်း အောင်ဇေယျကျေးရွာ ဝင်အနီး ယာဉ်နှင့် ဆိုင်ကယ်များအား လမ်းကြောင်းပိတ် စစ်ဆေးရှာဖွေနေစဉ် မောင်တောမြို့ဘက်မှ ကျီးကန်ပြင်ဘက်သို့ ယာဉ်မောင်း ဂျာဟာမောရင်(ခ)မာမောက်ရေးကနစ် မောင်းနှင်လာပြီး မာမောက်ဂျူနစ်၊ အနာဝါဆာဒတ်တို့ လိုက်ပါလာသည့်  ယာဉ်အမှတ်- YGN 4K-8149 BOXY  အမျိုးအစား အဖြူရောင်ယာဉ်အား မသင်္ကာသဖြင့် သက်သေများရှေ့ ရပ်တန့်စစ်ဆေးစဉ် မော်တော်ယာဉ်၏ ရှေ့ပိုင်း ဘယ်ဘက်ခြမ်း လေအေးပေးစက် အထိုင်အိမ်အတွင်းမှ  အဝါရောင် ကြွပ်ကြွပ်အိတ်အတွင်းထည့်လျက် သိုဝှက်သယ်ဆောင်လာသည့် ရွှေချောင်း တစ်ချောင်းလျှင် အလေးချိန် ၁၀ ကျပ်သားစီခန့် အကယ်ဒမီ အခေါက် ရွှေ ၃၉ ချောင်း (အလေးချိန် သုံးပိဿာ၊ ၉၀ ကျပ်သား)၊ ရွှေထည်လက်ဝတ်ရတနာမျိုးစုံ ၂၈ ကျပ်သား ၁၄ ပဲ စုစု ပေါင်းအလေးချိန် လေးပိဿာ ၁၈ ကျပ် ၁၄ ပဲ၊ (ဒေသပေါက်ဈေး ၁ ကျပ်သားလျှင် (၁,၇၀၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ၇၁၀,၇၀၆,၂၅၀ ကျပ်) နှင့် RUBY စိန်ရွှေရတနာလုပ်ငန်းစာတမ်းပါ ရွှေဝယ်ဘောက်ချာ အရွက် ၃၀ နှင့် ကား Dashboard အတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် မြန်မာကျပ်ငွေ ၁၀၀၀၀ ကျပ်တန် အရွက်၅၀၀ စုစုပေါင်း သိန်း ၅၀ ကျပ်အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

 

အဆိုပါ  ရွှေချောင်းများနှင့် ရွှေထည်ပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ တရားမဝင် သိုဝှက်သယ်ဆောင်လာသူ ဂျာဟာမောရင်(ခ)မာမောက်ရေးကစ် ကညင်တန်းရပ်ကွက်မောင်တောမြို့နေသူနှင့် ဘူးသီးတောင်မြို့ ဖရုံချောင်းကျေးရွာနေထိုင်သူ နှစ်ဦးဖြစ်သော မာမောက်ဂျူနိုက်၊ အနာဝါဆာဒက်တို့အား  နယ်မြေစခန်း (ပြင်ဖြူ)တွင် (ပ)၆၂/၂၀၂၁၊ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ-၈ ဖြင့် အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက် လျက်ရှိပြီး ကွင်းဆက်တရားခံများအား သက်ဆိုင်ရာမှ အမြန်ဆုံးဖမ်းဆီးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝေလ(မောင်တော)