မြောင်းမြတွင် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်တုန့်ပြန်ရေးကော်မတီက နှာခေါင်းစည်းမတပ်သူများအား ပညာပေးဆောင်ရွက်နေ

မြောင်းမြ   ၁၆ ဧပြီ    

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ် ပြန့်ပွားကူးစက်မှုမရှိစေရေးအတွက် မြို့နယ်  ကိုရိုနာဗိုင်းရပ် အရေးပေါ်တုန့်ပြန်ရေးကော်မတီက လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ အသိပညာပေးကာလအတွင်း ဒဏ်ငွေသဘောဖြင့် Mask တစ်ခုတပ်ဆင်ပေးကာ ငွေကျပ် ၅၀ဝ ဖြင့် ဒဏ်ဆောင်စေခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

"မဖြစ်မနေအပြင်ထွက် သွားလာရတဲ့အခါ မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်း Mask တွေတပ်ဖို့၊ မပါတဲ့သူတွေကို နှာခေါင်းစည်း Mask  တပ်ဆင်ပေးပြီး ဒါဏ်ငွေအဖြစ် ၅၀ဝ ကျပ်နဲ့ ရောင်းပေးတဲ့သဘောပါ၊ စီးပွားရေးမပါပါဘူး၊ ဒီလိုလုပ်တဲ့အတွက် အိမ်အပြင်ထွက်တိုင်း Mask တပ်ဖို့ သတိရနေမှာပါ" မြို့နယ် ကိုရိုနာဗိုင်းရပ် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောကြားသည်။

အဆိုပါ အသိပညာပေးမှုကို ဧပြီ ၁၆ ရက်နေ့ နံနက် ၇  နာရီအချိန်ကစတင်၍ အထွေထွေ အုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းဌေးနှင့်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မော်တော်ယာဉ် ကြီးကြပ်မှုကော်မတီ၊  ပြန်ကြားရေး၊ အမှတ် (၈၁)ယာဉ်ထိန်းတပ်ဖွဲ့စသော မြို့နယ် ကိုရိုနာဗိုင်းရပ် အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်များက မြောင်းမြမြို့ (၇)လမ်း လမ်းဆုံ၊ မြသာယာဈေး၊ ရှမ်းကုန်းပိုင်းလမ်းဆုံ၊ မြို့နယ်ပြည်သူ့ကျန်းမာနှင့် ဘောလုံးကွင်းလမ်းဆုံ၊ အခွန်လွတ်ဈေး၊ လယ်ယာသုံးဈေးတို့တွင် ဆောင်ရွက်ခဲ့ပြီး ပညာပေးကာလ အပြီးတွင် လမ်းထွက်ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမပြုဘဲ သွားလာမှုတွေ့ရှိပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုရိုနာဗိုင်းရပ် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မှ သိရသည်။

သင်းရနံ့