မြောင်းမြမြို့နယ်တွင် ဒုတိယအကြိမ်မြောက် ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့ ပွဲတော် ကျင်းပ 

မြောင်းမြ   ၂၈  ဩဂုတ် 

               
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပသော မြောင်းမြမြို့နယ်လုံးဆိုင်ရာ ကရင်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက မြောင်းမြမြို့ သာသနာ့ဇောတိကာရုံကျောင်း၌ ကျင်းပသည်။

         
အခမ်းအနားသို့ တက်ရောက်လာသူများမှ ကရင်အမျိုးသား အလံတော်အား အလေးပြု ကြပြီး ချီဖြူဖွဲ့မင်္ဂလာပွဲတော်ကို ရိုးရာသရုပ်ဖေါ်အကဖြင့် ဖွင့်လှစ်သည်။
        
 
ဆက်လက်ပြီး ပွဲတော်ကျင်းပရေး ကော်မတီနာယက ပညာဇေယျုံ ဆရာတော်ကနှုတ်ခွန်းဆက် အဖွင့်စကား မိန့်ကြားပြီး ပုသိမ်မြို့မှ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အာဒိစ္စ ၊ ခရိယာန် ဂိုဏ်းပေါင်းစုံကိုယ်စား မြောင်းမြ ဓမ္မတက္ကသိုလ်မှ သိက္ခာတော်ရဆရာတော်ကောနယ်လိ ၊  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ ၊  ဧရာဝတီတိုင်းဒေသကြီး ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး မန်းစန်းဝင်းတို့က အမှာစကားများ အသီးသီးပြောကြားသည်။ 
      

ထို့နောက် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာကို ပဒိုးမှုတ်အဖွဲ့ ၊ ဖားစည်တီးအဖွဲ့ ၊ အလံကိုင်အဖွဲ့၊ ဗန်းကိုင်အဖွဲ့များဖြင့် လှည့်လည်ကာ ချည်ဖြူဖွဲ့မင်္ဂလာကို ပျော်ရွှင်စွာစုပေါင်း ဆင်နွှဲကြသည်။ 
       

"ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ပွဲတော်မှာ ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့အနေနဲ့ ဆန်ကောထဲမှာ ယောက်မ ၊ နတ်ပန်းညို အရွက်၊ ထမင်းဆုပ် ၊ ကောင်ညှင်းထုပ် ၊ ကြံ ၊ ငှက်ပျောသီး ၊ ချည်ဖြူ ၊ ရေ တို့ ပါဝင်ရပါတယ်" 
      

"ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်သွေးစည်းမှုခိုင်မြဲစေရန် ၊ ကရင်ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုများ မပျောက်ပျက်စေရန် ၊ ကရင်လူမျိုးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဝါခေါင်လ ချည်ဖြူဖွဲ့ ပွဲကို ကျင်းပပြုလုပ်ကြခြင်းဖြစ်ပါတယ် "ဟု  မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင် ဆရာမ ဂါ့မြင့်စိန် က ပြောကြားသည်။

      

ခရိုင် ပြန်/ဆက်