မြောင်းမြ     ၂၈    ဧပြီ  

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် လူစုလူဝေးများမဖြစ်ပေါ်စေရန် ပျံကျဈေးများကို သက်ဆိုင်ရာမှ စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိပြီး အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များ ဖွင့်လှစ်ရောင်းချနေသော်လည်း မြို့ပေါ်ရပ်ကွက် လမ်းများအတွင်း အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးနေသူများကြောင့် ရောင်းသူနှင့်ဝယ်သူပါ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

"ပိုအဆင်ပြေတာပေါ့၊ ဈေးသွားတဲ့အခါ Mask တပ်ရတာက တစ်မျိုး၊ ဈေးမှာ လူများနေမှာ စိုးတာတစ်မျိုး၊ ကြောင့်ကြမှုတွေ ဖိစီးမှုတွေရှိတယ်၊ အိမ်အရောက်လာရောင်းတော့ တွေ့တာကြိုက်တာ ဝယ်လိုက်ရုံပါပဲ၊ ဈေးတင်မထားတဲ့အတွက်လည်း အဆင်ပြေပါတယ်" ဟု ဈေးသည်ထံမှ ဈေးဝယ်သူ တာဝတိံသာ (၁)လမ်းမှ ဒေါ်ကြည်ကြည်သိန်းက ပြောကြားသည်။

 

"ခုလိုအချိန်မှာ အခွင့်ကောင်းယူပြီး ဈေးလည်းတင်မရောင်းပါဘူး၊ ဈေးဝယ်သူတွေက သူတို့လိုချင်တဲ့ အသားငါးမျိုး မှာခဲ့ရင်လည်း နောက်တစ်နေ့မှာ ဝယ်လာပေးပါတယ်၊ အဲဒီ ကပ်ရောဂါကြီး အမြန်ဆုံး လွန်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်"ဟု အိမ်တိုင်ရာရောက် တုတ်တုတ်ဆိုင်ကယ်ဖြင့် လှည့်လည် ဈေးရောင်းသူ ဈေးသည်မလေးက ပြောသည်။

 

မြောင်းမြမြို့ပေါ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအတွင်း အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်နှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များမှအပ အခြားပစ္စည်းများ ရောင်းချသည့် ဆိုင်များအားလုံး ဧပြီ ၃၀  ရက်နေ့အထိ ယာယီပိတ်သိမ်းသွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး  ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဈေးဝယ်သူများနှင့် ဈေးရောင်းသူများ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာမရှိရေး၊ စနစ်တကျ ရောင်းချနိုင်ရေးအတွက် မြောင်းမြမြို့ နေရှင်နယ်ဘောလုံးကွင်းအတွင်း ယာယီပျံကျဈေးအဖြစ် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

 

ကေခိုင်စိုး(မြောင်းမြ ပြန်ဆက်)