မော်လူးတွင် အသစ်တည်ထားကိုးကွယ်မည့် ဒီပင်္ကရာ မဟာစေတီတော်ကြီး၏ စိန်ဖူးတော်၊ ရွှေထီးတော်၊ အရံစေတီတော်များ ပင့်ဆောင်ပူဇော်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့တွင် ယနေ့နံနက် ၇ နာရီအချိန်က အသစ်တဖန် တည်ထားကိုးကွယ်မည့် မော်လူးဒေသ(၉)တိုက်နယ် ဒီပင်္ကရာမဟာစေတီတော်ကြီး၏ စိန်ဖူးတော် (၆၄)ဆူ၊ အရံစေတီတော်(၆၄)ဆူ၊ ရွှေထီးတော် (၆၄)ဆူ ကြိုဆိုပင့်ဆောင်ပူဇော်ပွဲကို စည်ကား သိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြပါသည်။ 

အသစ်တည်ထားကိုးကွယ်မည့် မော်လူးဒေသ (၉)တိုက်နယ် ဒီပင်္ကရာမဟာစေတီတော်တွင် ကပ်လှူပူဇော်မည့် စိန်ဖူးတော်၊ အရံစေတီတော်များကို မန္တလေးမြို့မဟာဂန္တာရုံကျောင်းတိုက်၊ အနုနာယက ဘဒ္ဒန္တသုဇနဘိဝံသ၊နှင့်  ဘဒ္ဒန္တဣန္ဒာလောကလင်္ကာရ တို့မှဦးစီး၍ မော်လူးဒေသ (၉)တိုက်နယ် ဒီပင်္ကရာစေတီတော်ဖြစ်မြောက်ရေး အကျိုးတော်ဆောင် နာယက ဆရာတော်များဖြစ်သည့် မြိုင်သာယာဆရာတော် ဘဒ္ဒန္တဉာဏိက၊ မော်လူးမြို့ ဒက္ခိဏရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယာမ အရှင်သူမြတ်များနှင့်တကွ ဒီပင်္ကာဘုရား ဂေါပကဥက္ကဌ ဦးတင်နွယ်နှင့်အဖွဲ့၊ ဓမ္မစြင်္ကာ ဝတ်အသင်းအဖွဲ့များ၊ ဓမ္မပါလလူငယ်များ၊ ယောဂီအဖွဲ့များနှင့် အလှူရှင်များက ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

 

အဆိုပါ စိန်ဖူးတော်(၆၄)ဆူ နှင့်အရံစေတီတော်(၆၄)ဆူတို့အား စီပိန်းရွာ-နန့်ဒရန့်ချောင်းမှ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီးအတိုင်း မော်လူးမြို့မှ အနောက်ဖက် ၂မိုင်ခန့် အကွာရှိ မန္တလေး-မြစ်ကြီးနားမီးရထားလမ်း၏ အနောက်ဖက် မော်လူး-စီးမော်ချောင်း ပုန်းဟုန်ချောင်း နန့်ကျဲချောင်းစသည့် ချောင်းသုံးမွှာဆုံဆည်းရာ ကုန်းမြင့်တစ်နေရာဖြစ်သည့် သူရောင်းကျေးရွာနှင့် ကူးကာကျေးရွာအနီး၌ သီရိဓမ္မာအသောမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ဒီပင်္ကရာမဟာစေတီတော်မြတ်ကြီး တည်ရာသို့ စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်ခဲ့ကြသည်။

 

အဆိုပါ စေတီတော်ကြီး၏ အရှေ့ရင်ပြင်မှာ ယခင်က အကျယ် (၄၀)ပေရှိခဲ့ရာမှ ယခုအခါအကျယ်ပေ (၁၀၀)နှင့်၊ အနောက်ဘက်၊ တောင်ဘက်နှင့်မြောက်ဘက်တို့တွင်အကျယ် (၃၅)ပေရှိခဲ့ရာမှ ယခုအခါ အကျယ်ပေ(၈၀)စီ အထိ ပြန်လည်တိုးချဲ့လျက်ရှိကြောင်း၊ စေတီတော်ကြီးမှာလည်း ယခင်ကဉာဏ်တော်အမြင့် (၄၅)ပေရှိခဲ့ရာမှ ယခုအခါတွင်(၇၂)ပေ လုံးပတ်တော်(၂၄၀)ပေ၊ ပန်းတင်ခုံစေတီ(၄)ဆူ၊ ဒုတိယဆင့်တွင် စေတီယံ(၆၄)ဆူတို့ကို အသစ်တစ်ဖန်ပြန်လည်၍ ရှေးမူမပျက် ဆက်လက်မွမ်းမံပြုပြင်လျက်ရှိပြီး မော်လူးဒေသ (၉)တိုက်နယ် ကျေးရွာပေါင်း(၄၃) ရွာမှ နေ့စဉ်လုပ်အားဒါန ပေးလှူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ဆက်လက်၍ ထီးတော်တင်လှူပွဲကို ပြာသိုလအတွင်း ကျင်းပမည်ဖြစ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘုရားပွဲတော်ကို၂၀၁၉ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှ ၃၁ ရက်နေ့အထိ (၆)ညတိုင် မန္တလေးမြို့မှ နာမည်ကြီး" ထက်အာကာအောင်" ဇာတ်သဘင်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

 

၀၇၈