မော်လမြိုင်၌ ရင်သားကင်ဆာအကြောင်း သိကောင်းစရာများ ပညာပေးဟောပြောပွဲ 

မော်လမြိုင်  ၁၅  စက်တင်ဘာ

 

မြန်မာနိုင်ငံ ဆရာဝန်များအသင်း (မော်လမြိုင်)နှင့် မြန်မာနိုင်ငံ ကင်ဆာဆရာဝန်များအသင်းတို့ ပူးပေါင်းကျင်းပသော ရင်သားကင်ဆာအကြောင်း သိကောင်းစရာများ ပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ကင်ဆာရောဂါဟာ လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ခြင်း ကြောင့်မဟုတ်ဘဲ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသောက်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော လူမှုဘဝနေထိုင်မှု ပုံစံများတွင် ကြာရှည်စွာ စားသောက်နေထိုင် ထိတွေ့နေရခြင်းများကြောင့် ဖြစ်ပေါ်လာသော ရောဂါတစ်မျိုး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာ ကာကွယ်ရေး၊ လျှော့ချရေးအတွက် project ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင် လုပ်ဆောင်နိုင်ခဲ့ပြီး တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့တို့တွင် တိုးချဲ့လုပ်ဆောင်ရန် စီစဉ်နေပါကြောင်း” ပြောကြားသည်။

 

ထို့နောက် ဒေါက်တာ ယဉ်စုထွန်း (ခွဲစိတ်အထူးကုဆရာဝန်ကြီး)နှင့် ပါမောက္ခ ဒေါက်တာစိုးအောင် (ကင်ဆာအထူးကု သမားတော်ကြီး) တို့က ရင်သားကင်ဆာအကြောင်း သိကောင်းစရာများကို ဟောပြောပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို အထူးကုဆရာဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)