မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ကူးစက်မှုနှုန်း လျော့နည်းကျဆင်းရေးအတွက် အသိပေးနှိုးဆော်ခြင်းအရှိန်အဟုန်မြင့်ဆောင်ရွက်

mdn

မော်လမြိုင်      သြဂုတ်    ၅

မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသည့်ကိုဗစ်−၁၉ကူးစက်ရောဂါဖြစ်ပွားမှုကို  လျင်မြန်စွာ ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက် ပျံ့နှံ့မှုကို ထိရောက်စွာ  ကွင်းဆက်ဖြတ်တောက်နိုင်ရေးတို့ အတွက် ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံကြရေး၊  သတ်မှတ်စည်းကမ်းချက် များအတိုင်း လိုက်နာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းကို ဩဂုတ်၄ မွန်းလွဲ ၂နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ဒိုင်းဝန်ကွင်း ရဲစခန်းရှေ့လမ်းမ၌    မြို့နယ် ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ  ဉက္ကဋ္ဌ  ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ   ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ၊  မော်လမြိုင်ခရိုင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း ဆောင်ရွက်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ကာကွယ်ဆေးကို အသက်(၆၅)နှစ်အထက်သက်ကြီးများ ၊နိုင်ငံဝန်ထမ်းများအပါအဝင်အခြားပုဂ္ဂလိကဝန်ထမ်းများ၊ဘဏ်ဝန်ထမ်းများ၊ ဈေးရောင်းသူများပါ ယခုလက်ရှိ  မြို့ပေါ်စုရပ်(၆)နေရာတို့၌  နံနက်၉နာရီမှ စတင်ထိုးနှံနိုင်ကြောင်းနှင့်  နေအိမ်ပြင်ပသို့ ထွက်ခွာလျှင်ပါးစပ်၊နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ဆက်ဆံ ရပါက မျက်နှာအကာ(Face Shield)ကို  တွဲဖက်တပ်ဆင်ပါ စသည့်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်အတွင်း  ပြည်သူများအား  ကျန်းမာရေးဝန်ကြီးဌာနမှ(Stay  at  Home) နေထိုင်ကြရေးကိုလည်း  အသိပေး ကြေညာထားပြီးဖြစ်၍    ပြည်သူများအနေဖြင့်  မဖြစ်မနေ အရေးကြီးကိစ္စမှအပနေအိမ်ပြင်ပသို့သွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်းစနစ်တကျတပ်ဆင်ရေး၊  စျေးဝယ်သွားလာခွင့်ပြုသည့်လက်မှတ်ဖြင့်သာသွားလာကြရမည်ဖြစ်ပြီးပထမအကြိမ်နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိပါက ဒဏ်ငွေငါးရာ ကျပ်ပေးဆောင်စေကာ  နှာခေါင်းစည်းနှစ်ခုပေးအပ်၍ အခုတပ်ဆင်စနစ်ဖြင့်  ဆောင်ရွက်ခဲ့ရာ  စည်းကမ်းလိုက်နာရန်  ပျက်ကွက်ပါက  ကိုဗစ်-၁၉ကူးစက် ရောဂါကာကွယ်နှိမ်နှင်းရေး   တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ခြင်းများပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)