မော်လမြိုင်မြို့တွင် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန် (၅)မျိုးအား ထောက်ပံ့ပေးအပ်

မော်လမြိုင်  ၁၀  ဧပြီ

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်(၅)မျိုးကို ယနေ့ညနေပိုင်းတွင် မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နှင့် ရွှေပြည်အေး ရပ်ကွက်ရှိ အိမ်များသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ရာတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန်(၈)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြည်သွန်နီ(၁)ပိဿာတို့ကို ယနေ့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအများဆုံးရှိသည့် မော်လမြိုင်မြို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်မြို့နယ် (၉)မြို့နယ်ရှိ အခြေခံ လူတန်းစားများကိုလည်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်သည်။

 

မွန်ပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေခံစားသောက် ကုန်(၅)မျိုးကို ဖြန့်ဝေထောက်ပံ့ပေးနိုင်ရေးအတွက် စာရင်းကောက်ယူခဲ့ရာ မော်လမြိုင်မြို့နယ်တွင် အိမ်ထောင်စု (၅၉၂၀)စု၊ ချောင်းဆုံမြို့နယ်တွင် အိမ်ထောင်စု (၂၉၆၁)စု၊ ကျိုက်မရောမြို့နယ်တွင် အိမ်ထောင်စု (၃၄၅၅)စု၊ မုဒုံမြို့နယ်တွင် အိမ်ထောင်စု (၄၃၈၄)စု၊ သံဖြူဇရပ်မြို့နယ်တွင် အိမ်ထောင်စု (၂၉၃၀)စု၊ ရေးမြို့နယ်တွင် အိမ်ထောင်စု (၅၂၀၅)စု၊ ကျိုက်ထိုမြို့နယ်တွင် အိမ်ထောင်စု (၃၃၈၇) စု၊ ဘီလင်းမြို့နယ်တွင် အိမ်ထောင်စု (၄၀၀၀)စု၊ သထုံမြို့နယ် တွင် အိမ်ထောင်စု (၃၉၇၈)စုနှင့် ပေါင်မြို့နယ်တွင် အိမ်ထောင်စု (၄၅၂၄)စု၊ စုစုပေါင်း အိမ်ထောင်စု (၄၀၇၄၄)စုအား စားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန် ၂၄ ပြည်အိတ်(၁၃၅၈၅)အိတ်၊ ဆီ(၂၀၃၇၂)ပိဿာ၊ ဆား(၂၀၃၇၂)ပိဿာ၊ ပဲ(၄၀၇ ၄၄)ပိဿာနှင့် ကြည်သွန်နီ(၄၀၇၄၄)ပိဿာတို့ကို ဖြန့်ဝေထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေလင်း(ပြန်/ဆက်)