မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ အရန်ကုသရေးစင်တာသစ် ဖွင့်လှစ်ရန်ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

မော်လိုက် ဇူလိုင် ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှု မြင့်မားလာသဖြင့် ခရိုင်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ အရန်ကုသရေးစင်တာသစ် ဖွင့်လှစ်၍ ပိုးတွေ့လူနာများအား ထားရှိကုသပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအား ဇူလိုင် ၁၇ ရက် ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သီဟဝင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကြရာ ပိုးတွေ့လူနာများ နေထိုင်နိုင်ရေးနှင့် ချိုးရေကန်များ၊ အိမ်သာများ စီစဉ်ဆောင်ရွက်ပေးထားမှုများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ထားရှိမည့်နေရာ စီစဉ်ထားရှိမှုတို့အား တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပိုးတွေ့လူနာ ၃၅ ဦးတို့အား ထားရှိကုသပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့်  နယ်မြေခံ တပ်မတော်ဆေးတပ်ဖွဲ့မှ ဆရာဝန်များနှင့် သူနာပြုများက စောင့်ရှောက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

မော်လိုက်မြို့နယ်တွင် ဇူလိုင် ၁၇ ရက်ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း ၂၅၁ ဦးရှိပြီး ရောဂါသက်သာသူ ၁၀၄ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ခုနစ်ဦးနှင့် သံသယလူနာ သုံးဦး သေဆုံးထားကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

မော်လိုက်သားလေး