မော်လ်ဒိုက်နိုင်ငံ ဒုတိယသမ္မတဟောင်းအား လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

၆ အောက်တိုဘာ

 

မော်လ်ဒိုက်နိုင်ငံရဲ့ ဒုတိယသမ္မတဟောင်း  အာမက်အဒီ ကို လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးခဝါချမှု၊ အာဏာအလွဲသုံးစားမှုတွေမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း တရားရုံးမှ တာဝန်ရှိသူတွေက ဒီနေ့ (အင်္ဂါနေ့) မှာပြောကြားပါတယ်။ 

 

ဒုတိယသမ္မတဟောင်း အဒီ က သမ္မတဟောင်း အက်ဒူလာယာမီး နဲ့ အလွန်နီးစပ်သူဖြစ်ပေမယ့် ၂၀၁၅ ခုနှစ်မှာ ယာမီးကို အပျော်စီးရွက်လှေပေါ်မှာ ဗုံးတစ်လုံးနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒီအချိန်ကစပြီး ထောင်ချခံခဲ့ရပါတယ်။

 

သမ္မတဟောင်း ယာမီးဟာလည်း သူ့သမ္မတသက်တမ်း (၂၀၁၃-၂၀၁၈) အတွင်း ငွေကြေးခဝါချမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခဲ့တဲ့အတွက်  ပြီးခဲ့နိုဝင်ဘာလက ထောင်ဒဏ်ငါးနှစ် ကျခံနေရပြီဖြစ်ပါတယ်။ 

 

ဒုတိယသမ္မတဟောင်း  အဒီ က နိုင်ငံတော်အစိုးရရဲ့ စုံစမ်းရေးမှာ ပူးပေါင်းခဲ့တဲ့အတွက် သူ့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ကြောင်း သိရပါတယ်။ အဒီဟာ အပန်းဖြေစခန်းတည်ဆောက်မည့် နိုင်ငံတော်ငွေကြေး အမေရိကန်ဒေါ်လာသန်း ၂၆၀ ကို ဆုံးရှုံးအောင်လုပ်ဆောင်ခဲ့ပြီး ခရီးသွားကုမ္ပဏီတွေကနေ တရားမဝင်ငွေကြေး လက်ခံမှုတွေရှိခဲ့ကြောင်း  စွဲချက်တင်ခံခဲ့ရပါတယ်။ 

 

အဒီဟာ ၂၀၁၅ ခုနှစ်က သမ္မတဟောင်းကို လုပ်ကြံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ် ၁၅ နှစ်ကျခံခဲ့ရပေမယ့် ၂၀၁၈ ခုနှစ်မှာ သမ္မတဟောင်းက ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့အတွက် ထောင်မှပြန်လွတ်ခဲ့ပါတယ်။ 

 

အဒီဟာ ပြီးခဲ့တဲ့နှစ်က နိုင်ငံကနေ ထွက်ပြေးခဲ့ပေမယ့် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံရကာ  မော်လ်ဒိုက်ကို ပြန်လည်ရောက်ရှိခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုနဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

 

သမ္မတဟောင်း ယာမီးလက်ထက် ငါးနှစ်သက်တမ်းအတွင်းမှာ နိုင်ငံရေးပြိုင်ဘက်တွေကို ထောင်သွင်းအကျဉ်းချထားခြင်းနဲ့ ပြည်နှင်ဒဏ်ပေးခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

 

MDN
ကိုးကား- AFP