မြောက်ဦးမြို့နယ်တွင် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြောက်ဦး  ၁၀ နိုဝင်ဘာ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း မိသားစုနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့၏  စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၈ နာရီက ကျောက်ရာဇ်ကေရပ်ကွက် ရွှေထီးဆောင်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို  နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အောင်မင်္ဂလာကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တပညာသာမိမဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်အစရှိသော ပရိတ်တရားတော် များ ရွတ်ဖတ်သရဇ္ဇျာယ်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်နှင့်ဇနီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကထိန်သင်္ကန်းနှင့် ကထိန်အခြံအရံလှူဖွယ် ဝတ္ထုပစ္စည်းများအား ဆရာတော် အရှင်မြတ်များထံသို့ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် မြို့နယ်သံဃာ့နာယကအဖွဲ့ ဉက္ကဌ(သုဓမ္မာ)၊ ရွှေထီးဆောင်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာတရားနာ ကြား၍ လှူဒါန်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ စုပေါင်း မဟာဘုံကထိန် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းပြီး ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးကာ သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

တင်ထွန်းဦး(ပြန်/ဆက်)