မြောက်ဦးမြို့နှင့် ဘောင်းဒုတ်ကျေးရွာအနီးရှိ နယ်မြေခံတပ်ဌာနချုပ်များအား AA အဖွဲ့က ကျေးရွာအတွင်းမှ ဖြန့်ခွဲနေရာယူလျက် လာရောက် ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ဧပြီ ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေခံတပ်ဌာနချုပ်များသို့ AA အဖွဲ့က ဧပြီ ၁၇ ရက် ညပိုင်းတွင် ဘောင်းဒုတ်ကျေးရွာ အတွင်း ဖြန့်ခွဲနေရာယူလျက် လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ AA အဖွဲ့က ဧပြီ ၁၇ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာ အနီးရှိ နယ်မြေခံတပ်ဌာနချုပ်၏ တောင်ဘက် သို့ ဘောင်းဒုတ်ကျေးရွာစာသင်ကျောင်းနေရာမှလည်းကောင်း၊ ည ၁၀ နာရီ မိနစ် ၄၀ ခန့်နှင့် ည ၁၁ နာရီ ၃၂ မိနစ်တို့တွင် တပ်ဌာနချုပ်၏ အရှေ့တောင်ဘက်သို့ လည်းကောင်း၊ ည ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ဘောင်းဒုတ်ကျေးရွာနယ်မြေခံတပ် ဌာနချုပ်ရှိ လုံခြုံရေးဂိတ်ကင်း ၂ နေရာသို့ ဘောင်းဒုတ်ကျေးရွာအစပ်မှလည်းကောင်း ကျေးရွာအတွင်း ဖြန့်ခွဲနေရာယူလျက် လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ပစ်ခတ်မှုမှာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရပ်တန့် သွားခဲ့ကြောင်း။

အလားတူ AA အဖွဲ့က ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် မြောက်ဦးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ ရန်ကုန်-စစ်တွေပြည်ထောင်စု ကားလမ်းမကြီးပေါ်မှ လာ ရောက်ပစ်ခတ်ခဲ့သည့်အတွက် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း။

သို့ဖြစ်၍ ယနေ့မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘောင်းဒုတ်ကျေးရွာရှိ ဗုဒ္ဓနတ်တောင် ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာ တော်ဘဒ္ဒန္တရာဇိန္န ရှေ့မှောက်၌ ကျေးရွာရပ်မိရပ်ဖများကို သွားရောက်တွေ့ဆုံ၍ AA အဖွဲ့အနေဖြင့် ကျေးရွာအတွင်းဝင်ရောက်၍ တပ်ဌာနချုပ်အား လာရောက်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာ၌ AA အဖွဲ့အား လက်ခံခြင်းမပြုရန်၊ ကျေးရွာအနီးတစ်ဝိုက် AA အဖွဲ့နှင့် ထိတွေ့ တိုက်ပွဲများဖြစ်ပွားပါက ဒေသခံပြည်သူများသာ ဒုက္ခများတွေ့ကြုံရမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုကို အားပေးခြင်းမပြုရန်၊ ကျေးရွာအတွင်းနှင့် အနီးတစ်ဝိုက်သို့ ရောက်ရှိလာပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများထံသို့ သတင်း ပေးပို့ကြခြင်းဖြင့် မိမိတို့ မြို့၊ ရပ်ကွက်၊ ကျေးရွာ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်တို့အား စည်းရုံးဆွေးနွေးခဲ့ကြောင်း။

AA အဖွဲ့က မြို့၊ ကျေးရွာအနီးအနားရှိ တပ်ဌာန ချုပ်များအား ချဉ်းကပ်တိုက်ခိုက် ရာတွင် မြို့၊ ရပ်ကွက်၊ ကျေးရွာများကို အကာအကွယ်ရယူတိုက်ခိုက်လျက်ရှိပြီး မိမိဘက်မှ ပြန်လည်ခုခံမှု အပေါ်တွင် ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီး လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ (သတင်းစဉ်)

 tth