မြောက်ဦးမြို့ သျှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြကျောက်စာအား အာရှ- ပစ္စဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရ

နေပြည်တော် ၇ ဇွန်

 

အာရှ-ပစ္စဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ကော်မတီ (MOWCAP)၏ အဌမအကြိမ်မြောက် အထွေအထွေ အစည်းအဝေးအား မေ (၂၉)ရက် မှ ဇွန် (၁) ရက်အထိကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တင်သွင်းသော အာနန္ဒစန္ဒြကျောက်စာနှင့် ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့အား အာရှ- ပစ္စဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရကြောင်း သိရသည်။

 

ယခုနှစ်တွင်နိုင်ငံပေါင်း (၂၇) နိုင်ငံမှ တင်သွင်းသော မှတ်တမ်းအမွေအနှစ်များအနက်မှ နိုင်ငံပေါင်း (၇) နိုင်ငံမှ မှတ်တမ်းအမွေအနှစ် (၁၀) ခုကိုအာရှ- ပစ္စဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံမှ (၂) ခု၊ တရုတ်ပြည်သူသမ္မတနိုင်ငံမှ (၂) ခု၊ ကိုရီးယားနိုင်ငံမှ (၂) ခုနှင့် တူဗလူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဆော်လမွန်ကျွန်းတို့မှ တစ်ခုစီတို့ ရရှိခဲ့ သည်။ ၂၀၁၈ ခုနှစ်အထိအာရှ- ပစ္စဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ကော်မတီမှ စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သော မှတ်တမ်းအမွေအနှစ်ပေါင်း (၅၇) ခုရှိပြီဖြစ်သည်။

 

စာရင်းတင်သွင်းရာတွင် အသိအမှတ်ပြုသောအရာများမှာ ၎င်းမှတ်တမ်းအမွေအနှစ်များသည် ကမ္ဘာလုံးဆိုင်ရာ သိသာထင်ရှားမှု၊ အတုမရှိကြောင်းဖော်ပြမှုနှင့် လူသားတို့ အတွက်အစားထိုးမရနိုင်သော အမွေအနှစ်များ ဖြစ်မှုတို့ ဖြစ်သည်။

 

မှတ်တမ်းအမွေအနှစ်ဆိုသည်မှာ စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်ဆိုင်ရာ စုဆောင်းမှုများဖြစ်သော ကျောက်စာ၊ လက်ရေးစာများ၊ တန်ဖိုးမဖြတ်နိုင်သောစာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့် ပန်းချီကားများ၊ မြေပုံများ၊ ဖလင်များ၊ အသံနှင့် ဗီဒီယိုအခွေများ၊ စီဒီ၊ အသံမှတ်တမ်းများ၊ ဝက်ဘ်စာမျက်နှာများ၊ သတင်းအချက်အလက် အရင်းအမြစ်များ၊ စာရွက်စာတမ်း အထောက်အထားများ စသည်တို့ဖြစ်သည်။

 

အထက်ပါ မှတ်တမ်းအမွေအနှစ်များသည် လူသားအားလုံးနှင့် သက်ဆိုင်သောကြောင့် ယင်းအမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းရန်နှင့် ကာကွယ်စောင့်ရှောက်ရန်၊ မှတ်တမ်းအမွေအနှစ်များအား သိမြင်အလေးထားမှု မြှင့်တင်ရန်နှင့် အပြန်အလှန်အလေးထားမှုရှိစေရန်အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ထောက်ပံ့ကူညီရေးတို့ လိုအပ်သည်။ ယင်းအချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် မှတ်တမ်းအမွေအနှစ်များအား ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။

 

ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး(၂) နှစ် တစ်ကြိမ် ကမ္ဘာအရပ်ရပ်မှ တင်သွင်းသော မှတ်တမ်းအမွေအနှစ်များအား စီစစ်၍ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်စာရင်းသွင်းခဲ့ရာ ယခုအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှ မှတ်တမ်းအမွေအနှစ်ပေါင်း (၃၄၈) ခုကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။

 

ထို့အပြင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရာတွင် ပိုမို တိုးတက်ကောင်းမွန် လာစေရန်နှင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် အသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ၁၉၉၈ ခုနှစ်တွင်အာရှ- ပစ္စဖိတ် ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ကော်မတီ ( Memory of the World Committee for Asia and the Pacific MOWCAP) ကို တည်ထောင်ခဲ့သည်။ ထိုကော်မတီတွင် ဒေသတွင်းနိုင်ငံပေါင်း (၄၃) နိုင်ငံပါဝင်ပြီး ယူနက်စကို၏ အာရှ-ပစ္စဖိတ် ဒေသတွင်းကော်မတီအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ယခုအချိန် အထိအာရှ-ပစ္စဖိတ် ဒေသတွင်းနိုင်ငံပေါင်း (၁၈) နိုင်ငံတွင် အမျိုးသား ကမ္ဘာ့မှတ်တမ်း အမွေအနှစ် ကော်မတီများ ဖွင့်လှစ်ထားရှိသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းလျှက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော ရှေးဟောင်းမြို့တော်များအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းဆောင်ရွက်ခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား စာရင်းကောက်ယူခြင်းနှင့် မှတ်တမ်း အမွေအနှစ်များအား ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းတင်သွင်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက်ရှိသည်။

 

ယူနက်စကို၏ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်အစီအစဉ်တွင် ၂၀၁၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံမှ မှတ်တမ်းအမွေအနှစ်များအား ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းသတ်မှတ်နိုင်ရေး အမည်စာရင်း တင်သွင်းခဲ့ရာ ၂၀၁၃ ခုနှစ်တွင် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား ကျောက်စာများအား လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် မြစေတီ(ရာဇကုမာရ်)ကျောက်စာအပြင် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံနှင့် ပူးတွဲ တင်သွင်းသော မြန်မာဘုရင်အလောင်းဘုရားက ဗြိတိန်ဘုရင် ဂျော့-၂ ထံသို့ပေးပို့ခဲ့သော ရွှေပြားပေါ်တွင် ရေးသားထားသည့် ရွှေပေလွှာအားလည်းကောင်း၊ ၂၀၁၇ခုနှစ်တွင် ရွှေစည်းခုံဘုရားရှိ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာအားလည်းကောင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အဖြစ်သတ်မှတ်ခံခဲ့ရသည်။ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာအား ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်သို့ တင်သွင်းခြင်း မပြုမီ၂၀၁၅ ခုနှစ်တွင် အာရှ-ပစ္စဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ကော်မတီ MOWCAP သို့ စာရင်းတင်သွင်းခဲ့ရာ၂၀၁၆ ခုနှစ်တွင် အာရှ-ပစ္စဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

 

အာနန္ဒစန္ဒြကျောက်စာတိုင်မှာဝေသာလီမြို့ဟောင်းမှ ရှစ်သောင်းပုထိုးတော်ကြီးသို့ အေဒီ ၁၅၃၆ ခုနှစ်တွင် မင်းဗာကြီး (၁၅၃၁−၁၅၅၃) မှ ပြောင်းရွှေ့စိုက်ထူထားခြင်းဖြစ်သည်။ ကျောက်စာတိုင်မှာ လေးမျက်နှာရှိပြီး အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် အိန္ဒိယမြောက် ပိုင်းသုံးရှေးအက္ခရာများဖြင့် ကျောက်တိုင် တစ်တိုင်တည်းတွင် အေဒီ ၆၀ဝ မှ အေဒီ ၁၀ဝ၀ အတွင်းအနှစ် ၂၀ဝ မျှစီခြား၍ ဗြာဟ္မီပွားအက္ခရာသုံးမျိုးဖြင့် ရေးထိုးထားသော အလွန်ရှားပါးသော ကျောက်စာတိုင် ဖြစ်သည်။ ရခိုင်မင်းဆက်များ အကြောင်းကို ဖော်ပြထားပြီး ကျောက်စာရေး ထိုးခိုင်းသူ အာနန္ဒစန္ဒြ အမည်ရှိသောမင်း၏အကြောင်းကို ကြေငြာသောသြဘာစာဖြစ်သည်။

 

အဆိုပါ အာနန္ဒစန္ဒြကျောက်စာကို ယခုနှစ်တွင် ယူနက်စကိုကမ္ဘာ့မှတ်တမ်း အမွေနှစ်ကော်မတီသို့လည်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း၌ ထည့်သွင်းသတ်မှတ်နိုင်ရေး တင်သွင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)