မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ၌ ခေါင်းဆောင် ကင်ဂျုံအန်အကြောင်း သတင်းဖော်ပြမှု ယခုနှစ်တွင် စံချိန်တင်လျော့ကျမှုဖြစ်ခဲ့

ယမ်း ၂၈  ဒီဇင်ဘာ

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ၌ ခေါင်းဆောင် ကင်ဂျုံအန်အကြောင်း သတင်းဖော်ပြမှုသည် ယခုနှစ်တွင် စံချိန်တင်လျော့ကျမှုဖြစ်ခဲ့ကြောင်းနှင့် ယင်းမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့် ပြည်သူ့ရှေ့မှောက်သို့ ထွက်ပေါ်လာမှု နည်းသောကြောင့် ဖြစ်နိုင်ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်က ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာသည် ၂၀၂၀ ပြည့်နှစ် နှစ်စမှ စတင်ကာ ဒီဇင်ဘာ ၂၇ ရက်အထိ ခေါင်းဆောင်ကင်ဂျုံအန်နှင့် ပတ်သက်သည့်သတင်းအပုဒ်ရေ ၅၃ ပုဒ်ဖော်ပြခဲ့ကြောင်းလည်း တိုကျိုအခြေစိုက် ရေဒီယိုပရက်စ်သတင်းအေဂျင်စီက ပြောကြားခဲ့သည်။

အဆိုပါ အရေအတွက်သည် ပြီးခဲ့သည့်နှစ်က ဖော်ပြခဲ့သည့် သတင်းအရေအတွက်ထက် ထက်ဝက်ကျော် လျော့နည်းခဲ့ကြောင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် ကင်ဂျုံအန် စတင်တာဝန် ထမ်းဆောင်ခဲ့သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်ကြောင်းလည်း သိရသည်။

ယခုနှစ်တွင် ဖော်ပြခဲ့သည့်ကင်ဂျုံအန်၏သတင်းအကြောင်းအရာများအနက် အကြောင်းအရာ ၃၄ ခုမှာ လက်ရှိအာဏာရ အလုပ်သမားပါတီ၏ အစည်းအဝေးများနှင့် တိုင်ဖုန်းမုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်ခြင်းကဲ့သို့သော ပြည်တွင်းရေးရာကိစ္စရပ်များဖြစ်ကြောင်းလည်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ပြည်ပရေးရာကိစ္စ သတင်းဖော်ပြမှုမှာ ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့သည့် တရုတ်စစ်သားများ၏ သင်္ချိုင်းသို့ သွားရောက်ခဲ့မှုတစ်ခုသာ ရှိခဲ့ကြောင်း သိရသည်။ လက်ရှိအာဏာရ အလုပ်သမားပါတီသည် ပါတီညီလာခံကို လာမည့်နှစ် ဇန်နဝါရီလတွင် ကျင်းပရန်စီစဉ်ထားပြီး အဆိုပါညီလာခံတွင် မိန့်ခွန်းပြောကြားရန် ကင်ဂျုံအန်က မျှော်လင့်ထားကြောင်း သိရသည်။

ဘာသာပြန် - အလင်းသစ်

ကိုးကား - အင်န်အိတ်ချ်ကေ