မျောက်ကျောက်ရောဂါ သတိရှိပါ

မေယုမျိုးအောင်(MANA)

 

နိုင်ဂျီးရီးယားနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုများကို ကြိုတင်ကာကွယ်မှုအဖြစ် တောရိုင်း တိရစ္ဆာန် အသားများရောင်းချခြင်းကို တားမြစ်လိုက်ကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြကြသည်။

 

နိုင်ဂျီးရီးယားနိုင်ငံသည်  ၂၀၁၇  ခုနှစ်တွင် မျောက်ကျောက်ရောဂါကူးစက်မှု   စတင်ဖြစ်ပွား ခဲ့သောနိုင်ငံဖြစ် သည်။  မျောက်ကျောက်ရောဂါသည် နိုင်ဂျီးရီးယားရှိ    အပူပိုင်းမိုးသစ်တောများအနီး ဝေးလံခေါင်သီသော    ဒေသများတွင်   အဖြစ်များ ကြောင်း သိရသည်။ မျက်မှောက်ကာလတွင်  ကမ္ဘာတစ်ဝန်း၌ ရောဂါအထူးအဆန်းများ  တစ်နေ့တခြား ပိုမိုများပြားလာသည်။ တိရစ္ဆာန်မှလူသို့  ကူးစက် သော ရောဂါများသည် မထင်မှတ်လောက်အောင်ပင် ဖြစ်ပွားလာသဖြင့်    ကမ္ဘာဦးကာလကတည်းက ရှိခဲ့သော လူနှင့်တိရစ္ဆာန်အကြား ဆက်ဆံရေးကိုပင် ခြိမ်းခြောက်လာသည်။ လွန်ခဲ့သည့်  ၁ဝ  စုနှစ်များ အတွင်း ပေါ်ပေါက်လာခဲ့သည့် ရောဂါသစ်များသည် မထင်မှတ်သောနေရာမှ    ရုတ်တရက်ပေါ်လာပြီး လူသားတို့ကို အန္တရာယ်ပြုလာသည်။

 

ရောဂါပိုး ၆၁ ဒသမ ၆ ရာခိုင်နှုန်းသည် တိရစ္ဆာန်တို့မှ အခြေခံ

ဆေးဘက်ဆိုင်ရာ သုတေသီများက လူသားတို့  တွင် ရောဂါဖြစ်စေသော ရောဂါပိုး  ၁၄၁၅  မျိုးတွင် ၆၁ ဒသမ ၆ ရာခိုင်နှုန်းသည် တိရစ္ဆာန်တို့မှ အခြေခံ လာခြင်းဖြစ်ကြောင်း ဆိုထားသည်။ ရောဂါပိုး ၆၁၆  မျိုးမှာ အိမ်မွေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်ပြီး ၇၇ ဒသမ ၃ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မျိုးစိတ်အမျိုးမျိုး တွင်    ဖြစ်ပွားနိုင်သည့်      ရောဂါပိုးများဖြစ်သည်။ အသားစား အိမ်မွေးတိရစ္ဆာန်များတွင် ရောဂါဖြစ်စေ သော ရောဂါပိုးအမျိုးပေါင်း ၃၇၄ မျိုးရှိပြီး ၉၀ ရာခိုင် နှုန်းမှာ  တိရစ္ဆာန်မျိုးစိတ်အမျိုးမျိုးတွင်  ဖြစ်ပွားနိုင် ကြောင်း သတိပေးထားသည်။

 

လေ့လာမှုစစ်တမ်းများကလည်း      လင်းနို့ အပါအဝင် အချို့တိရစ္ဆာန်များတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားနိုင်ကြောင်းနှင့် တစ်ခါတစ်ရံ  တိရစ္ဆာန်တွင်ဖြစ်သော     ကိုရိုနာဗိုင်းရပ်စ်သည် ဗီဇပြောင်း စွမ်းရည်များရရှိကာ လူတွင် စတင်ကူးစက်ခံရပြီးနောက် လူအချင်းချင်း ကူးစက်တတ်ကြောင်း  ကပ်ရောဂါကာလ အစောပိုင်းကတည်းက ဆိုခဲ့ကြ ပြီးဖြစ်သည်။  ကိုဗစ်ကပ်ရောဂါ၏  ဇာစ်မြစ်သည် မူလက တရုတ်နိုင်ငံ  ဝူဟန်မြို့ရှိ တိရစ္ဆာန်အရှင်များ အပါအဝင် သား/ငါး ရောင်းချသည့် ဈေးများနှင့် ဆက်စပ်မှုရှိကြောင်း  ကနဦးအစီရင်ခံစာများတွင် ဖော်ပြခဲ့သည်။ တိရစ္ဆာန်မှ လူသို့ ရောဂါကူးစက်မှု လမ်းကြောင်းကို သိပ္ပံနည်းကျစွာဖြင့်  အတည်ပြု ခြင်း၊ ရှင်းလင်းတင်ပြခြင်း မရှိခဲ့သော်လည်း တရုတ် သုတေသီများက ကိုဗစ်ကပ်ရောဂါသည်  လင်းနို့မှ လူသားများသို့ တိုက်ရိုက်မဟုတ်ဘဲ သင်းခွေချပ်ကိုယ်မှ တစ်ဆင့်ခံ   ကူးစက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက်တွင်  ထုတ်ပြန် ကြေညာခဲ့သည်။

 

၂၀၁၉  ခုနှစ်  ဒီဇင်ဘာလတွင်   တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ခဲ့သော  ကိုဗစ်ကပ်ရောဂါသည် တိရစ္ဆာန်မှလူသို့     ကူးစက်သောရောဂါမှသည် လူအချင်းချင်း လျင်မြန်စွာ ကူးစက်နိုင်သော ကမ္ဘာ့ကပ်ရောဂါဖြစ်လာခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိလူပေါင်း ခြောက်သန်းကျော်ကိုလည်း သေဆုံးစေခဲ့ပြီး ဖြစ်သည်။ တိရစ္ဆာန်မှ လူသို့ ကူးစက်သောရောဂါများ အနက် အချို့ရောဂါများသည် ကမ္ဘာပေါ်ရှိ  လူသား အားလုံးကို အချိန်တိုအတွင်း အသက်အန္တရာယ်ပြု နိုင်ကြောင်း  အကြီးမားဆုံးသင်ခန်းစာဖြစ်သည်။ ကမ္ဘာကြီးတွင် လွန်ခဲ့သော  ၁၀  စုနှစ်  နှစ်စုကျော် အတွင်း ၇၅ ရာခိုင်နှုန်းသာ ရောဂါများမှာ တိရစ္ဆာန်မှ  လူသို့ ကူးစက်သောရောဂါများဖြစ်သည်။ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) ကလည်းအနာဂတ် တွင်  ရောဂါဖြစ်ပေါ်စေနိုင်သော   ဘေးအန္တရာယ် ဆိုင်ရာများ    လျော့ကျစေရန်အတွက်   တောရိုင်း တိရစ္ဆာန်များ ကုန်သွယ်မှုဈေးကွက်နှင့် စားသုံးမှု အပေါ်တွင် တားမြစ်ကန့်သတ်ခြင်းများ လုပ်ဆောင် ရန် အကြံပြုထားပြီးဖြစ်သည်။ တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်ခြေများပြားသော  တောရိုင်းတိရစ္ဆာန် အသားများစားသုံးခြင်းကို   အထူးရှောင်ကြဉ်သင့် သည်။

 

ရောဂါကူးစက်ခံရသူပေါင်း  ၁၆ဝဝဝ ကျော်ရှိ

မျောက်ကျောက်ရောဂါ      (monkeypox)  ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ဇူလိုင် ၂၃ ရက်တွင် ကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ ယင်းကြေညာချက်သည် WHO ၏ ဗိုင်းရပ်စ်ကူးစက်မှု ဆိုင်ရာ    အရေးပေါ်ကော်မတီ၏    ဒုတိယအကြိမ် အစည်းအဝေးအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ နိုင်ငံပေါင်း ၇၅ နိုင်ငံ၌ ရောဂါကူးစက်ခံရသူပေါင်း  ၁၆ဝဝဝ ကျော်ရှိပြီဖြစ်ကြောင်း WHO အကြီးအကဲက ပြောကြားသည်။ ယခုကဲ့သို့ ခွဲခြားသတ်မှတ်ခြင်း သည်  WHO  က  ထုတ်ပြန်နိုင်သည့် အမြင့်ဆုံး သတိပေးချက်ဖြစ်ပြီး  ကမ္ဘာတစ်ဝန်းတွင်  ရောဂါ ဖြစ်ပွားမှုများ  မြင့်တက်လာမှု၏  နောက်ဆက်တွဲ ဖြစ်သည်။    မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို  ယခုနှစ်    မေလအစောပိုင်းက   နိုင်ဂျီးရီးယားသို့ ခရီးသွားရာမှ ပြန်လာသူတစ်ဦးတွင် စတင်တွေ့ရှိ ခဲ့သည်။ ဥရောပနိုင်ငံအချို့ အမေရိကန်နှင့် ကနေဒါ တို့၌    ရောဂါဖြစ်ပွားမှုကို   အတည်ပြုခဲ့သည်။ ကူးစက်မှုတဖြည်းဖြည်း ကျယ်ပြန့်လာချိန် ကနဦး ကာလတွင် WHO က အဆိုပါရောဂါကို  ကမ္ဘာလုံး ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာရန် ငြင်းဆို ခဲ့သည်။

 

လွန်ခဲ့သည့်    ရက်သတ္တပတ်များအတွင်း ကူးစက်မှုသိသိသာသာ မြင့်တက်လာခဲ့ပြီးနောက် ယခုကဲ့သို့     ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။ မှတ်တမ်းများအရ    မျောက်ကျောက် ရောဂါသည် ကျောက်ကြီးရောဂါကဲ့သို့     ဗိုင်းရပ်စ်မျိုးနွယ်စုဝင် ဖြစ်ပြီး အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ  အပူပိုင်းမိုးသစ်တောများတွင် အဓိကဖြစ်ပွားကာ တစ်ခါတစ်ရံ  အခြားဒေသများသို့လည်း  ပျံ့နှံ့လေ့ ရှိသည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။ ၎င်းရောဂါပိုးကို  ၁၉၅၈ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

 

ဗိုင်းရပ်စ်သည်   ရောဂါပိုးရှိသူ   သို့မဟုတ်  တိရစ္ဆာန်နှင့်   အနီးကပ်ထိတွေ့မှုမှတစ်ဆင့်  လူသို့ ကူးစက်သည်။ အနာများ၊ ခန္ဓာကိုယ်မှ ထွက်ရှိသော  အရည်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ  အမှုန် အမွှားများနှင့်    ညစ်ညမ်းနေသော  အိပ်ရာပေါ်ရှိ ပစ္စည်းများနှင့်ထိတွေ့ခြင်းဖြင့်  လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ကြောင်း WHO က ဆိုထားသည်။

 

ရောဂါထိန်းချုပ်ရန်   အခွင့်အလမ်းများရှိနေ သဖြင့် စိုးရိမ်စရာမရှိကြောင်း WHO က ဆိုနေသော် လည်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူအချို့က  အဆိုပါဗိုင်းရပ်စ်သည်   ယခင်က   မတွေ့ရှိခဲ့သော နိုင်ငံများ၌  အမြစ်တွယ်သွားမည်ကို  စိုးရိမ်နေကြ သည်။    ယခုရာခိုင်နှုန်းတိုးလာပြီး    လက်ရှိတွင် လိင်တူဆက်ဆံသော အမျိုးသားများသည် ကူးစက် နိုင်ခြေအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ ယခုနှစ် အတွင်း အဆိုပါဗိုင်းရပ်စ်ကြောင့်  အာဖရိကတွင် သေဆုံးသူ ငါးဦးရှိပြီဖြစ်သော်လည်း အာဖရိကအပြင် ဘက်တွင်  ယခုအချိန်အထိ  သေဆုံးမှုမရှိသေး ကြောင်း သိရသည်။

 

၉၈ ရာခိုင်နှုန်းမှာ အမျိုးသားချင်း လိင်တူဆက်ဆံသူများကြောင့်ဖြစ်

မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၉၈ ရာခိုင်နှုန်းမှာ အမျိုးသားချင်း လိင်တူဆက်ဆံသူများကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟုဆိုသည်။ ကူးစက် ခံရသူ ၉၈ ရာခိုင်နှုန်းမှာ လိင်တူ လိင်ကွဲနှစ်မျိုးစလုံးကို    စိတ်ဝင်စား သော  အမျိုးသားများဖြစ်ကြပြီး ကူးစက်ခံရသူ ၉၅   ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာကိစ္စမှ   ကူးစက်ခြင်း ဖြစ်သည်ဟု    လွန်ခဲ့သော သီတင်းပတ်တွင်   နယူးအင်္ဂလန်ဆေးဂျာနယ်က   ဖော်ပြခဲ့သည်။    အရေပြားပေါ်တွင် အဖုအပိန့်များကို ထွက်စေသော  မျောက်ကျောက်ရောဂါ  ကူးစက်မှုသည် အနီးကပ်ထိတွေ့ခြင်း၊ လူချင်း ထိတွေ့ခြင်းတို့မှ အဓိကဖြစ်ပွားပုံရသည်ဟု ပညာရှင်များက ပြောကြားခဲ့ကြသည်။

 

မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို အတည် မပြုရသေးသည့် နိုင်ငံများအပါအဝင်  ကမ္ဘာ့နိုင်ငံများအား   စောင့်ကြည့်စစ်ဆေးရန်နှင့်   ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကိုကာကွယ်ရန် ကျန်းမာရေးအစီအမံ များပြုလုပ်ရန်  နိုင်ငံများအား  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က တိုက်တွန်းပြောကြားသည်။

 

ကိုဗစ်ကပ်ရောဂါနှင့် အသားကျနေပြီဖြစ်သော ကမ္ဘာကြီးသည် မျောက်ကျောက်ရောဂါကို အလိုက်သင့်ခုခံနိုင် မည်သာဖြစ်သည်။ အများပြည်သူတို့က လည်း မျောက်ကျောက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို  အလေးထား လိုက်နာကြရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရ ပါသည်။       ။