မြစ်သားမြို့နယ်တွင် ပြည်ပနိုင်ငံများနှင့် နယ်စပ်မှပြန်လည်ရောက်ရှိလာသူများအား Facility Quarantine သတ်မှတ်နေရာများတွင် စနစ်တကျဆောင်ရွက်ထားရှိ

မြစ်သား ၆ မေ

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင်များနှင့် ပူးပေါင်း၍ မြို့နယ် SRT အဖွဲ့ဖွဲ့၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

လတ်တလော မြစ်သားမြို့နယ်တွင် Positive လူနာမရှိသည့်အတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်သားမြို့နယ်တွင် နိုင်ငံခြားပြန်များအနေဖြင့် ယခင်က ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့်တရုတ်နိုင်ငံမှပြန်လာသူများ ရှိသော်လည်း  ယခုလတ်တလော တရုတ်နိုင်ငံမှ ပြန်လာသူများ အများအပြားရှိပြီး ထိုသူများအား ၎င်းတို့၏အိမ်တွင် ပေးမနေဘဲ ၂၁ ရက်အား Facility Quarantine ဟုခေါ်သည့် သတ်မှတ်နေရာများတွင်လည်းကောင်း၊  ကျန်သည့် ၇ ရက်အား Home Quarantine အဖြစ်နေအိမ်တွင် လည်းကောင်း၊ စုစုပေါင်း ၂၈ ရက်ထားရှိပြီးမှသာ ၎င်းတို့အား အိမ်အပြင်သို့ထွက်ခွင့်ပြု ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိန်ပိုမှ ပြောကြားသည်။

 

မြစ်သားမြို့နယ်အနေဖြင့် Facility Quarantine ထားရှိသည့်ကျေးရွာပေါင်း ၄၇ ရွာရှိရာ အချို့ကို ကျေးရွာစာသင်ကျောင်းများတွင် နေရာသတ်မှတ်ထားရှိပြီး အချို့ကို ဘုန်းတော်ကြီးကျောင်းများနှင့် ညှိနှိုင်းကာ ဆောင်ရွက်ထားရှိကြောင်း၊ ဖေဖော်ဝါရီ ၆ ရက်မှ ဧပြီ ၅ ရက်နေ့ အထိ မြစ်သားမြို့နယ်တွင်  Facility Quarantine (၂၁)ရက်စောင့်ကြည့်သူဦးရေ ၂၀၇ ဦးရှိကြောင်း၊ ကျန်းမာရေးဦးစီးဌာနအနေဖြင့် Quarantine မဝင်ခင်တွင်  ကျန်းမာရေးရာဇဝင်၊ ခရီးသွားရာဇဝင်၊ လတ်တလောခံစားရသည့်ဝေဒနာ၊ အဖျားရှိ/မရှိ၊ ချောင်းဆိုး/မဆိုး၊ လည်ပင်း နာမနာ၊ သွေးထဲတွင်အောက်ဆီဂျင်ရာခိုင်နှုန်းမည်မျှရှိသနည်း စသည်တို့ကို စစ်ဆေးပြီးမှ  Quarantine  Centre ထဲသို့ပို့ဆောင်ကြောင်း၊ Facility Quarantine ပြုလုပ်နေထိုင်သူများ၏ ကျန်းမာရေးအခြေအနေများကိုလည်း နေ့စဉ်စောင့်ကြပ်စစ်ဆေးပေး လျက်ရှိကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး(မြို့နယ် SRT အဖွဲ့) တို့မှလည်း Facility Quarantine ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊ နှစ်သိမ့်ဆွေးနွေး အားပေးစကားပြောကြားခြင်းနှင့် မုန့်များ၊ ကြက်ဥများ၊ Mask များကို ထောက်ပံ့ပေးအပ်ခြင်းနှင့် လိုအပ်သောကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)